ဟားမတ်စ်တပ်မှူးအချို့ ဖမ်းဆီးခံရပြီး စစ်ဆေးမေးမြန်းဖို့ အစ္စရေးကို ခေါ်ဆောင်ခံရ

 

တဲလ်အဗစ်၊ ဒီဇင်ဘာ-၉-၂၀၂၃

မျိုးဆက်(VOM)

ဂါဇာကမ်းမြှောင်တောင်ပိုင်းရှိ ခန်းယွန်နစ်မြို့ကို အစ္စရေးတပ်တွေက အပြင်းအထန်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ ၄၈ နာရီအတွင်း လူ ၂၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အစ္စရေးက ပြောပါတယ်။

ဖမ်းဆီးခဲ့သူတွေထဲမှာ ဟားမတ်စ်တပ်မှူးတွေလည်းပါဝင်နေပြီး တပ်မှူးတွေအပါအဝင် ဟားမတ်စ်ဒါဇင်များစွာကို စစ်ဆေးမေးမြန်းဖို့အတွက် အစ္စရေးကို ခေါ်ဆောင်သွားတယ်လို့ အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒယ်နီရယ်ဟာဂါရီက ပြောပါတယ်။

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အကြမ်းဖက်သမားအများအပြားကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ချတဲ့ ဟားမတ်စ်အရေအတွက်လည်း တိုးပွားလာနေတယ်လို့ ဆိုပါတယ်။ ဟားမတ်စ်ခေါင်းဆောင် ယာယာစင်ဝါ ပုန်းအောင်းနေတယ်လို့ ယူဆရတဲ့ ခန်းယွန်နစ်မြို့ကို အစ္စရေးစစ်တပ်က ဝေဟင်နဲ့ မြေပြင်တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ဆောင်နေပါတယ်။

အစ္စရေးတပ်တွေဟာ ဟားမတ်စ်အဖွဲ့ရဲ့ မြေအောက်ဥမင်ပေါင်းများစွာကိုလည်း ဖျက်ဆီးနိုင်ခဲ့ပြီး မြို့မှာရှိတဲ့ ဟားမတ်စ်အခြေစိုက်စခန်းတွေကိုလည်း ဝင်ရောက်စီးနှင်းကာ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ နေအိမ်တွေမှာ စာရွက်တွေနဲ့ လက်နက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ကျန်ရှိနေသေးတဲ့ အစ္စရေးဓါးစာခံတွေ ပြန်လွတ်ဖို့ကြိုးပမ်းမှုဟာ မအောင်မြင်ခဲ့ကြောင်း ၊ ဟားမတ်စ်တို့နဲ့ ထိပ်တိုက်တွေ့ဆုံမှုအတွင်း အစ္စရေးတပ်ဖွ့ဲဝင်နှစ်ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ခန်းယွန်နစ်မြို့ကို အစ္စရေးရဲ့ အပြင်းအထန်တိုက်ခိုက်မှုကြောင့် ဒေသခံတွေဟာ တောင်ဘက်ရှိ ရာဖာမြို့ကို ထွက်ပြေးနေကြပြီး ဂါဇာမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းပိုမိုဆိုးရွားလာတဲ့အပေါ် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။

Ref:NHK

Photo:NHK

 

Related posts

Leave a Comment

VOM News

FREE
VIEW