နမ္မတူမြို့ ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ ပြည်သူ နှစ်ယောက် ဒဏ်ရာရ

 

ဒီဇင်ဘာ ၂၃၊ ၂၀၂၃

Shy V(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့မှာ ဒီကနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ နေလယ်က ရပ်ကွက်ထဲ လက်နက်ကြီးကျ ရောက်ပေါက်ကွဲလို့ ပြည်သူ နှစ်ယောက်ထိ ခိုက်ဒဏ်ရာရ‌ခဲ့ ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ပန်ဟိုက် ၆ ဘောလုံးကွင်းနားပါဗျ။ နှစ်ယောက်။ မစိုးရိမ်ရ ဒဏ်ရာရပါတယ်။ ရပ်ကွက် ၉ က လူမထိဘူးဗျ။ ဝက်ခြံပဲ ထိတယ်ကြားတယ်။ မနက်ကတည်းက ပစ်နေတာ။ ပစ်လိုက်၊ ငြိမ်လိုက်ပါ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။

နမ္မတူအနီးက စစ်တပ်မှာ စစ်တပ်နဲ့ TNLA ပူးပေါင်းအဖွဲ့ တို့အကြား တိုက်ကွဲ ဖြစ် နေတာ နှစ်ရက်၊ သုံးရက် ရှိပြီလို့ ‌နမ္မတူ မြို့ခံ အမျိုးသား တယောက်က ပြောပါတယ်။

“အဲဒီ လက်နက်ကြီးသံ ကို မခံနိုင်လို့လေ အမျိုးသမီးနဲ့ ကလေးတွေ အရမ်းကြောက်လန့် စိုးရိမ်လာလို့ တိုက်ပွဲ မဖြစ်ပေမယ့် တော်တော် ဆိုးဆိုးရွားရွား ပစ်ခတ် သံတွေ ကြောင့် ဘာဖြစ်ဖြစ် ပစ်ခတ်လာမှာပဲ ဆိုပြီး သက်ကြီး ရွယ်အို အဖိုး အဖွား တချို့က လားရှိုး၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တချို့က တောင်ပေါ်ဘက်တွေ၊ မြို့ပြင် (တိုက်ပွဲ) လွတ်တဲ့ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်ကြတယ်။” လို့ သူက ရှင်းပြပါတယ်။

ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေပိုင်းနဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက နမ္မတူ စစ်တပ်စခန်းမှာ TNLA နဲ့ တိုက်ပွဲ ဖြစ်ပွားကြောင်း TNLA ဘက်က သတင်းထုတ်ထားပါတယ်။

ဒါ့အပြင် ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ မန်တုံမြို့ရှိ ခလရ – ၁၃၀ တပ်စခန်းမှာလည်း ဒီဇင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းကစ TNLA နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်းဖော်ပြထားပါတယ်။

“မန်တုံဘက်တော့ မနေ့ည သိမ်းလိုက်ပြီ ကြားတယ်။ ပလောင်တွေ သိမ်းလိုက်တယ်လို့ ကြားတယ်။ မန်တုံဘက်က လူတွေလည်း ရှောင်တယ်။ တော်တော် ဝေးဝေး ရှောင်ကြတယ်။ နေရာ အနှံ့ပဲ။ ပိုက်ဆံ ရှိတဲ့ လူတွေက အစောပိုင်းကတည်းက မြို့ကြီးဘက် ပိုက်ဆံရှိတဲ့ သူတွေက ကိုယ့်ကားနဲ့ ကိုယ် ရှောင်ကြတယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။

မန်တုံ ခလရ – ၁၃၀ ကို ရန်သူအင်အားများလို့ တပ်ဆုတ်ပေးလိုက်ရကြောင်း စစ်တပ်နဲ့ နီးစပ်တဲ့ တယ်လီဂရမ်ချာနယ်မှာ ရေးသား ဖော်ပြထားပါတယ်။

နှစ်ဖက်တိုက်ပွဲ အတွင်း ဒီဇင်ဘာ ၁၉ ရက်နေ့မှ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ မန်တုံမြို့ထဲနဲ့ စစ်ဘေး ဒုက္ခသည် စခန်း၊ လွယ်ကန်ရွာနဲ့ မြို့အနီး ဝန်းကျင် လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ မီးတိုင်တွေ ထိမှန်ပျက်စီးပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၅ အိမ်ခန့် ထိခိုက် ပျက်စီးခဲ့ပြီး ဒေသခံ ပြည်သူ အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာ ရှိခဲ့ကြောင်း TNLA ဘက်က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မူဆယ်၊ ကွတ်ခိုင်နဲ့ လောက်ကိုင် တို့မှာလည်း စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်ပြီး မြောက်ပိုင်း မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂ လ နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

Photo Crd# Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW