သာယာဝတီမင်း မတဲဒေးဝန်း နန်းတော် တွင် စံတော်မူခြင်း

 

ဆူးငှက်

ကုန်းဘောင်မင်းဟူ၍ လည်းကောင်း ရွှေဘိုမင်း ဟူ၍လည်းကောင်း ထင်ရှားသော သာယာဝတီမင်းသည် ကုန်းဘောင် ရှစ်ဆက်မြောက် မင်းဖြစ်သည်။ အင်းဝမြို့မှ အမရပူရမြို့သို့ ပြောင်းရွှေ့၍ ဒုတိယကြိမ် ထပ်မံ တည်တော်မူ သဖြင့် အမရပူရ ဒုတိယမြို့တည် နန်းတည် မင်းတရားကြီးဟုလည်း ခေါ်တွင်သည်။ အမရပူရ ပထမမြို့တည် နန်းတည် ဘိုးတော်ဘုရား၏ သားတော်ကြီး မဟာဥပရာဇာ အိမ်ရှေ့မင်းကြီးနှင့် ပထမအိမ်ရှေ့မိဖုရားတို့၏ သားတော် လေးပါးအနက် မြန်မာသက္ကရာဇ် ၁၁၄၈-ခုနှစ် တပေါင်းလပြည့်ကျော် (၁ဝ)ရက် ညဉ့်တစ်ချက်တီးကျော် ၁၁ ရက် ဗုဒ္ဓဟူးနေ့သို့အဝင် ဖွားမြင်တော်မူသော ဒုတိယအငယ်ဆုံး သားတော်ဖြစ်သည်။

ရတနာပူရ အင်းဝ၏ စတုတ္ထမြို့တည် ဘကြီးတော် မင်းတရားကြီး၏ ညီတော်ရင်း လည်းဖြစ်သည်။ ဘိုးတော်နောင်တော်တို့ လက်ထက် သရက်၊ သာယာဝတီမြို့များကို ကံကျွေးခံရပြီးလျှင် အထွတ်အထိပ် ရောက်သောအခါ သာယာဝတီမင်းဟု တွင်သည်။ ဘထွေးတော် ပြည်မင်း၊ တောင်ငူမင်းများနှင့် လွှတ်တက်၍ စီရင်ရသည်။ သက်တော် ၂၃ နှစ်တွင် ဘထွေးတော် ပုဂံဘုရင်ခံ သမီးတော် ကျပင်းမင်းသမီးနှင့် စုံဖက်တော်မူသည်။ သာယာဝတီမင်း၏ ငယ်မည်ကား မောင်ခင် ဖြစ်၏။ ၁၁၉၆ ခုနှစ်တွင် ဘကြီးတော် မင်းတရားကြီး ကိုယ်တော် ကျန်းခန့်တော် မမူသောအခါ နိုင်ငံ အုပ်ချုပ်ရေးကို မိဖုရားခေါင်ကြီးနှင့် မောင်တော်စလင်း မြို့စားမင်းသားတို့အား လွဲအပ် ထားခိုက် စလင်းမြို့စားနှင့် အပေါင်းပါတို့က သာယာဝတီမင်းသား အပေါ် မှုခင်းရှာကြံ၍အိမ်တော်ကို ဝိုင်းသောကြောင့် သာယာဝတီမင်းသားသည် ၁၁၉၈ ခုနှစ်တွင် ရွှေဘိုသို့ နောက်တော်ပါများနှင့် အတူထွက်ခွာ၍ အခိုင်နေလေသည်။

နောင်တော်မင်းတရားကြီးကလည်း တပ်များ စေလွှတ်၍ တိုက်ခိုက်စေသည်။ သို့ရာတွင် သာယာဝတီ မင်းသား တပ်များကသာ အောင်လျက်ရှိသည်။ ညီတော် နောင်တော်ရင်းတို့ စိတ်ဝမ်း မကြည်ရှိကြသည်ကို အင်္ဂလိပ် ကိုယ်စားလှယ် မေဂျာဗားနေး (မယ်စယ်ဘော်ရနီ)သည် သာယာဝတီမင်းသား ရှိရာ ရွှေဘိုသို့ လိုက်သွား ဖြန်ဖြေသော်လည်း အရေးမရ သဖြင့် ဆရာတော်များ ကြွရောက် ဖြန်ဖြေ စေ့စပ်ရသည်။ မကျန်းမမာဖြစ်နေသော နောင်တော် မင်းတရားကြီးသည် စလင်းမင်းသားနှင့် အပေါင်းပါတို့ကို ညီတော် သာယာဝတီ မင်းသားအား ပေးအပ်၍ ၁၁၉၉ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် ထီးနန်းကိုပါ လွှဲအပ်လေသည်။ ယင်းသို့ ကုန်းဘောင်ရွှေဘိုမြို့မှနေ၍ မင်းအဖြစ်သို့ ရသောကြောင့် ကုန်းဘောင်မင်း ဟူ၍လည်းကောင်း၊ ရွှေဘိုမင်းဟူ၍ လည်းကောင်း တွင်ခြင်း ဖြစ်သည်။

သာယာဝတီမင်းသည် ရွှေထီးရွှေနန်းကို သိမ်းမြန်းတော်မူပြီးလျှင် ၁၁၉၉ ခုနှစ်မှစ၍ အမရပူရမြို့ကို ပြန်လည် ပြုပြင်၍ ၁၂ဝဝ ပြည့်နှစ်တွင် ပြောင်းရွှေ့ စံတော်မူသည်။ ၁၂ဝ၂ ခုနှစ် ဝါဆိုလဆန်း၁ဝ ရက်နေ့တွင် မိဖုရားခေါင်ကြီးနှင့် အတူ ဘိသိက်ခံတော် မူ၍ သီရိပဝရာဒိတျာလောကဓိပတိ ဝိဇယမဟာ ဓမ္မရာဇာဓိရာဇာ တံဆိပ်နာမံ ခံတော်မူသည်။ မိဖုရားခေါင်ကြီးကမူ သီရိပဝရတိလောကမဟာရတနာ ပဒုမဒေဝီတံဆိပ် နာမံကို ခံတော်မူသည်။ နောင်တော်မင်း တရားကြီးကိုလည်း နှလုံးတော် မပင်ပန်းစေရဘဲ မဟာသကျသီဟဘုရားအနီးရှိ အိမ်ဖြူတော်နှင့် ထား၍ ခမည်းတော်ကဲ့သို့ စောင့်ရှောက်တော်မူသည်။

သက္ကရာဇ် ၁၂၀၆ခုနှစ်တွင် ဒုတိယမြို့တည်နန်းတည် သာယာဝတီမင်းသည် စိတ်လက်မကျန်းမာသည့် ဝေဒနာ ခံစားရခြင်းနှင့်အတူ နန်းတွင်းရေးတွင်လည်း သားတော်ပြည်စားမင်း မသင့်သော အကြံအစည်ကို ကြံသဖြင့် ထုံးစံနှင့်အညီ စီရင်တော်မူသည်။ ထို့ပြင် အနောက်နန်းမိဖုရား မမြကလေးအားလည်း ပြည်စားနှင့် နှလုံးစိတ်ဝမ်းတူ ကြံစည်ကြောင်း စစ်မေးချက် ရသည်နှင့် ရေ၌ဖျောက်၍ ကြံရာပါ ဆွေမျိုးကျေးကျွန်တို့ကို ကွပ်မျက်တော်မူသည်။ ယောအတွင်းဝန် ဦးဘိုးလှိုင်၏ အဘ ယင်းတောဝန်ကြီး အားလည်း ကြံရာပါသည်ဟု ဆိုကာ ကွပ်မျက်လိုက်သည်။ ဤသို့ အဖြစ်အပျက် များနှင့် မင်းတရားကြီး စိတ်လက်ဝေဒနာ မကျန်းမာကြောင်း သိသာသောအခါ မင်းတိုင်ပင် ပညာရှိအမတ်များက အမရပူရနေပြည်တော်မှ မြောက်အရပ်သို့ ယာယီပြောင်းရွှေ့ စံတော်မူသင့်ကြောင်း လျှောက်ထားကြ၏။ ထိုသို့ ယ.ယီနန်းတွင် ပြောင်းရွှေ့စံတော်မူစဉ် အမရပူရနန်းတော်တွင် မင်းတရားကြီးကိုယ်စား တောင်နန်းစံမိဖုရားခေါင်ကြီးနှင့် သားတော် အိမ်ရှေ့စံ ပုဂံမင်းသားတို့က ထီးရေးနန်းရာများ ကိုယ်စား ဆောင်ရွက်စေသည်။

မင်းတရားကြီး ယာယီစံမြန်းမည့်နေရာသည် အမရပူရနေပြည်တော်၏ မြောက်အရပ် (၄မိုင်အကွာ) မတဲဒေးဝန်းအရပ် ဟုဆိုရာ ထိုနေရာတွင်လည်း စံနန်းတော်ကို ကြိုတင် ဆောက်လုပ်စေ၏။ ထို့ကြောင့် ဝန်ထောက်မင်းကြီး မဟာသင်္ကြံ၊ စာရေးကြီး၊ အသုံးစာရေးကြီးတို့က မင်းတရားကြီးကုသိုလ် ဇောင်းကလော ကုသိုလ်တော်စေတီ ထီးတော်တင်လှူချိန် အခါတော်တွင် စံနန်းတော်ကိုလည်း ပန္နက်ချ ဆောက်လုပ်ခဲ့သည်။ ထို့နောက် စံနန်းတော်နှင့် အတူ တိုက်တန်း တင်းကုပ်၊ လွှတ်ရုံးမှ စ၍ အရပ်ရပ် အလုပ်အဆောင်တော် ပြီးပြည့်စုံသည်နှင့် သက္ကရာဇ် ၁၂၀၆ခုနှစ် နယုန်လဆန်း ၇ ရက်နေ့၊ ၂ချက်တီးကျော် အခါတော်နှင့်အတူ သာယာဝတီမင်းတရားကြီးလည်း မိဖုရားခေါင်ကြီးနှင့် အတူ ရတနာသုံးပါးနှင့် မင်းရုပ်တုတော်များကို ပူဇော်တော်မူ၍ နန်းဦးတွင် ရှေးမင်းအစဉ်အဆက် ကိုးကွယ်သည့် စူဠာမုနိ ရုပ်ရှင်တော်မြတ်ကိုပါ ပင့်ဆောင်ကာ မင်းတရားကြီးက လှည်းယာဉ်တော်၊ မိဖုရားခေါင်ကြီးနှင့် သမီးတော်တို့က ဆင်တော်တွင် ရွှေစက်တော်တင်ပြီး မင်း မိဖုရား မင်းညီမင်းသား စော်ဘွား မြို့စား မှူးတော်မတ်တော် တပ်မှူးဗိုလ်မှူးအပေါင်းနှင့် အမရပူရ ရာဇဌာနီ ရွှေနန်းတော်ကြီးမှ မတဲဒေးဝန်း စံနန်းတော်သို့ ထွက်တော်မူသည်။

ထိုသို့ သာယာဝတီမင်းတရားကြီး မတဲစံနန်းတော်တွင် စံတော်မူရာတွင် မင်းတရားကြီးနှင့် အတူ မင်းညီမင်းသား၊ စော်ဘွား၊ မြို့စား၊ မှူးတော်မတ်တော်တို့ကိုလည်း ဝင်းခြံ အိမ်ရာနေရာ၊ တန်းအိမ်၊ လမ်းအိမ် အသီးသီးကိုလည်း ချထားပေးပြီး လိုက်ပါ နေထိုင်စေခဲ့၏။ ထိုသို့ လိုက်ပါ ခစားကြသည့် မင်းညီမင်းသားများတွင် အိမ်ရှေ့စံ သားတော် ပုဂံမင်းသား၊ သားတော် မင်းတုန်းမင်းသား ကနောင်မင်းသား နှင့် ညီတော် ပုသိမ်မင်းနှင့် မကွေးမိဖုရားတို့၏ သား၊ တူတော် စိုင်ပြွန်မင်းသားတို့လည်း ပါဝင်သည်။ အကွက်နံပတ် ၅၄၆ မလွန်ခရေပင်ဝိုင်း ကျောင်းနေရာတွင် ဘိုးတော်ဘုရားနှင့် စမ္ပယ်နဂိုမိဖုရား၏ သားတော် မလွန်မင်းသားကြီး၏ စံအိမ်နေရာဝင်း ဖြစ်သည်။ သာယာဝတီမင်းကြီး၏ မတဲဒေးဝန်းစံနန်းတော် တည်ရှိရာနေရာမှာ ယခု ဓာတ်နန်းရပ်ဟု ခေါ်တွင်ကြသည့် ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက် အကွက်နံပတ် ၂၅၆၊ ၂၅၇ နေရာတွင် တည်ရှိခဲ့သည်ဟု သိရ၏။ ထို ဓာတ်နန်းတည်ရှိရာ မတဲဒေးဝန်းဟူသော အရပ်ကို ဘိုးတော်ဘုရားလက်ထက်က စစ်တမ်းတွင် သံပါတ်မြို့ဟု ရေးမှတ်ကြောင်း ဖတ်မှတ်ရပါ၏။ ထို မတဲအီကင်းအရပ်က နောင်တွင် သာယာဝတီမင်းကြီး၏ စိတ်လက်ကျန်းမာရေးအတွက် ဓာတ်ယတြာအရ ယာယီစံနေရသော နန်းနေရာ ဖြစ်သောကြောင့် ဓာတ်နန်းရပ်ဟု ခေါ်တွင်ခဲ့ကြောင်း ဓာတ်နန်းဓမ္မာရုံ ကျောက်စာတွင် ပါရှိသည်။

ထို့ပြင် သားတော်ကြီး အိမ်ရှေ့စံ ပုဂံမင်းသား စံနေသည့် အိမ်တော်နေရာမှာ ယခု အိမ်တော်ရာစေတီတော်နေရာ သီရိဟေမာအရှေ့ရပ်ကွက် အကွက် ၂၄၇ နေရာဖြစ်ပြီး ထို ပုဂံမင်းစံအိမ်နေရာနှင့် တောင်ဘက် အကွက် ၂၄၈နေရာသည် တူတော် စိုင်ပြွန်မင်းသားကြီး စံအိမ်နေရာဖြစ်သည်။ သားတော် မင်းတုန်းမင်းသား စံအိမ်နေရာကလည်း ယခု သကျသီဟ ဘုရားတည်ရှိရာ အောင်နန်းရိပ်သာ အနောက်ရပ်ကွက် ၊ အကွက်နံပတ် ၂၅၈ တွင် တည်ရှိသည်။

သာယာဝတီမင်းတရားကြီးသည် အဆိုပါ ဓာတ်နန်းတွင် ၁နှစ်ကျော်ကြာ စံမြန်းလျက် ရှိစဉ် ၁၂၀၇ခုနှစ် တော်သလင်းလ၌် စိတ်လက်ကျန်းမာမှုမှာ ထပ်မံဆိုးဝါးလာသဖြင့် မိဖုရားခေါင်ကြီး၊ မင်းမိဖုရားများ၊ သားတော်များ ဖြစ်သည့် အိမ်ရှေ့စံ ပုဂံမင်းသား၊ မင်းတုန်းမင်းသားနှင့် မင်းညီမင်းသားများ မှူးတော်မတ်တော်များက ယခု စံနန်တော်သည် ဥတုဒေသ စသည် မညီညွတ်သဖြင့် အခိုက်အတန့် ယာယီစံနန်းတော် ဖြစ်သည့် အကြောင်း တညီတညွတ်တည်း လျှောက်ထားကြသည်ကို မင်းတရားကြီးက သဘောကြိုက် ညီတော်မူခဲ့သည်။ ထို့ကြောင့် သက္ကရာဇ် ၁၂၀၇ခုနှစ် တော်သလင်းလဆန်း ၁၅ရက်နေ့တွင် မင်းမိဖုရား၊ မင်းညီမင်းသား၊ မှူးတော်မတ်တော်၊ ဗိုလ်ရဲမက် အပေါင်းတို့ဖြင့် ခြံရံလျက် မိဖုရားခေါင်ကြီးနှင့် အတူ လှေတော်တွင် ရွှေစက်တင်တော်မူပြီး ရေကြောင်းဖြင့် အမရပူရ နေပြည်တော်သို့ ဝင်တော်မူသည်။

ထိုနှစ် တန်ဆောင်မုန်းလဆန်း ၅ ရက်နေ့တွင် သာယာဝတီမင်းသည် သားတော်ကြီး ပုဂံမင်းသားကို သီရိသုဓမ္မမဟာဓမ္မရာဇာ ဘွဲ့ခံ အိမ်ရှေ့စံ အပ်နှင်း၍ သားတော်လတ် မင်းတုန်းမင်းသားအား ဝန်ကြီးအတွင်းဝန်များနှင့် တိုင်ပင်၍ တိုင်းရေးပြည်မှုကို ကြည့်ရှု့ စီရင်စေသည်။ ၁၂ဝ၈ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် (၁ဝ)ရက်နေ့တွင် နောင်တော် ဖလ်နန်းရှင် မင်းတရားကြီးသည် စံအိမ်တော်၌ နတ်ရွာစံတော်မူရာ ခမ်းနားကြီးကျယ်စွာ သင်္ဂြိုဟ်ခြင်းပြုသည်။ ထိုနှစ်တန်ဆောင်းမုန်း လပြည့်ကျော် (၁၄)ရက်နေ့ ညာဉ့် မြန်မာနာရီ ၂ချက်တီးကျော် ၁မောင်းခန့်တွင် သက်တော် ၆ဝ၊ စည်းစိမ်တော် ကိုးနှစ်နှင့် ခြောက်လအရွယ်၌် သာယာဝတီမင်း နတ်ရွာ စံတော်မူသည်။

ဆူးငှက်

 

Related posts

Leave a Comment

VOM News

FREE
VIEW