ဟာသလူရွှင်တော် ၁၀ ယောက် လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ချီးမြှင့်ခံရ

 

ဇန်နဝါရီ ၄ – ၂၀၂၄

SN (VOM)

ဒီကနေ့ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) မှာ နစက က ဟာသလူရွှင်တော် ၁၀ ယောက်ကို လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ချီးမြှင့်ခဲ့တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

ဟာသ လူရွှင်တော်တွေဖြစ်ကြတဲ့ ဦးမိုးဒီ (ခ) ဦးသန်းထွန်း၊ ဦးမန်းကျော် (ခ) ဦးကြည်မောင်၊ ဦးငြိမ်းချမ်း (ခ) ဦးလှကြိုင်၊ ဦးဥဩ (ဟင်္သာတ) (ခ) ဦးအုန်းသန်း၊ ဦးစံမိုး (ခ) ဦးစံရင်၊ ဦးရွှေဂဲ (ခ) ဦးစိန်သောင်း၊ ဦးဖိုးဆောင်း၊ ဦးဥဩ (ရန်ကုန်) (ခ) ဦးအေးသောင်း၊ ဦးပေါ်လေး (ခ) ဦးမြင့်အေး၊ ဦးနေကျော် (ခ) ဦးတင်ဟန်တို့ကို လူမှုထူးချွန်တံဆိပ် (တတိယအဆင့်) ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ဟာသ လူရွှင်တော်တယောက်ဖြစ်တဲ့ ဒိန်းဒေါင်က “ကျွန်တော်တို့ရဲ့ အနန္တဂိုဏ်းဝင် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ၊ ကျွန်တော်တို့ အစည်းအရုံးရဲ့ ကန်တော့ခံ ပုဂ္ဂိုလ်တွေဖြစ်တဲ့ အဖေကြီးတို့ရဲ့ ဟာသပညာရှင် သက်တမ်းတလျှောက်မှာလည်း ဂုဏ်ထူးဆောင်တံဆိပ်တွေ ရရှိစေလိုတဲ့ ကျွန်တော့်ရဲ့ဆန္ဒများစွာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှာ ပြည့်ဝခဲ့ပါပြီ” လို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။

ဟာသလူရွှင်တော် ဒိန်းဒေါင်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် (လွတ်လပ်ရေးနေ့) မှာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ လူမှုထူးချွန်တံဆိပ် (ဒုတိယဆင့်) ကို ရရှိခဲ့သူ ဖြစ်ပါတယ်။

လူမှုထူးချွန်ဆု ပေးအပ်ရာမှာ အချက် ၁၂ ချက်နဲ့ ကိုက်ညီရမှာဖြစ်ပြီး ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးမှာ လူမှုရေးဦးတည်ချက်တွေနဲ့အညီ စံပြု ထိုက်ခြင်း၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနဲ့ ရိုင်းပင်းကူညီခြင်းတို့ ပါဝင်တယ်လို့ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာ နည်းဥပဒေတွေမှာ ပြဌာန်းထားပါတယ်။

ဒါ့အပြင် မိမိကိုယ်ကျိုးထက် နိုင်ငံ့အကျိုးကို အလေးအနက်ဦးပေး ဆောင်ရွက်ခြင်းအပါအဝင် လူမှုရေးအလှူငွေတွေ လှူဒါန်းခြင်း၊ ကိုယ့်ကျင့်တရား ကောင်းမွန်ခြင်းနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအပေါ် သစ္စာရှိသူ ဖြစ်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

နစကအနေနဲ့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် (တော်လှန်ရေးနေ့) ကလည်း အစိုးရဝန်ထမ်းတွေ အပါအဝင် စာပေ၊ ဂီတနဲ့ ရုပ်ရှင်အနုပညာနယ်ပယ်မှ လူပုဂ္ဂိုလ်တို့ကို အလင်္ကာကျော်စွာဘွဲ့နဲ့ လူမှုထူးချွန်ဆုတွေ ပေးအပ်ခဲ့ပါသေးတယ်။

Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW