အမြန်လမ်း ယာဉ်တိမ်းမှောက်မှု သံဃာတော်တပါး အပါအဝင် သုံးယောက် သေဆုံး

 

ဇန်နဝါရီ ၄ – ၂၀၂၄

SN (VOM)

ဒီကနေ့ မနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ဘုန်းကြီးတပါး အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၆/၆) နဲ့ (၂၈၆/၇) ကြားမှာ ဒီကနေ့ ဇန်နဝါရီ ၄ ရက်၊ မနက် ၇ နာရီခွဲ ဝန်းကျင်က ISUZU အမျိုးအစား အစိမ်းရောင်ယာဉ်တစီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး သံဃာတော် တပါး၊ အမျိုးသား တယောက်နဲ့ အမျိုးသမီး တယောက်၊ စုစုပေါင်း သုံးယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ရှေ့ဝဲဘက် ဘီးပေါက်ပြီး ကားမှောက်သွားတာပါ။ ဟိုင်းဝေးသွားတော့မယ်ဆိုရင် ကိုယ့်ကား ကြံ့ခိုင်ရေးနဲ့ တာယာ ကောင်းမကောင်း စစ်ဆေးသင့်ပါတယ်။ သတ်မှတ်ကီလိုအတိုင်း မောင်းရင်တော့ ပိုအန္တရာယ်ကင်းတာပေါ့” လို့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲ့ဒီ့ ယာဉ်ပေါ်မှာ သံဃာတော် နှစ်ပါး၊ အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက်၊ စုစုပေါင်း ငါးယောက် လိုက်ပါလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်ကို သီးကုန်းအမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပြည်သာယာလူငယ် ပရဟိတ အသင်းဝင်တွေ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ သေဆုံးသူတွေကို

192 အမြန်လမ်း လူနာတင်ယာဉ်နဲ့ မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၁၆/၁) နဲ့ (၃၁၆/၂) ကြားမှာ ဟိုက်ဂျက်ယာဉ်တစီး ဘီးပေါက်ပြီး ဘယ်ရီယာတုံးကို ဝင်ရောက် တိုက်မိခဲ့တာကြောင့် တယောက်သေဆုံးကာ နှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့မှု ဖြစ်ပွားခဲ့ပါသေးတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW