အမြန်လမ်းမှာ နေ့တိုင်းနီးပါး ယာဉ်မတော်တဆမှုဖြစ်နေ၊ မနေ့ညနေက သုံးယောက် ထပ်မံသေဆုံး

 

ဇန်နဝါရီ ၁၀ – ၂၀၂၄

SN (VOM)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ( ၂၃၁/၀) မှာ မနေ့ ဇန်နဝါရီ ၉ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်က ယာဉ်မတော်တဆမှုတခု ထပ်မံ ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ကနေ သိရပါတယ်။

အဲ့ဒီ ယာဉ်တိုက်မှုဖြစ်စဉ်မှာ ယာဉ်ပေါ်ပါ အမျိုးသား ကိုးယောက်၊ အမျိုးသမီး သုံးယောက်၊ စုစုပေါင်း ၁၂ ယောက်အနက် အမျိုးသား တယောက်နဲ့ အမျိုးသမီး နှစ်ယောက် သေဆုံးခဲ့တာဖြစ်ပြီး အမျိုးသား ရှစ်ယောက်နဲ့ အမျိုးသမီး တယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

“ဖြစ်တာကတော့ King Long (အဖြူရောင်) အန်စာတုံးယာဉ်ပေါ့။ သူက မန္တလေးကနေ နေပြည်တော်ကို မောင်းလာတာ။ မိသားစု ဘုရားဖူးလာတဲ့ကားပါ။ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းက ရေနုတ်မြောင်းပေါက် အုတ်ကန်ကို ဝင်တိုက်မိတာပါ။ သုံးယောက်က နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်” လို့ အဲ့ဒီ့ ယာဉ်တိုက်မှုဖြစ်စဥ်အတွင်း သွားရောက် ကူညီခဲ့သူတယောက်က ပြောပါတယ်။

အဲ့ဒီ့ဖြစ်စဥ်ကို ပလွေး အမြန်လမ်းမီးသတ်စခန်းမှ သူနာတင်ယာဉ် တစီး၊ 192 ပိုင် သူနာတင်ယာဉ် တစီးတို့ ထွက်ခွာ ကူညီခဲ့ကြပြီး သေဆုံးသူနဲ့ ဒဏ်ရာ ရရှိသူတွေကို နေပြည်တော် ကုတင် (၁၀၀၀) ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ အခု ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာတင် ယာဉ်မတော်တဆမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ဇန်နဝါရီ ၁ ရက်နေ့၊ ညနေ ၃ နာရီ၊ ၁၀ မိနစ်ဝန်းကျင်ကလည်း မိုင်တိုင်အမှတ် (၃၁၆/၁) နဲ့ (၃၁၆/၂) ကြားမှာ Hijet ယာဉ်တစီး ဘီးပေါက်ပြီး ဘယ်ရီယာတုံးကို ဝင်ရောက် တိုက်မိခဲ့တဲ့အတွက် အမျိုးသားတယောက် သေဆုံးခဲ့ကာ အမျိုးသမီး နှစ်ယောက် ထိခိုက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပါတယ်။

အဲ့ဒီ့လိုပဲ ဇန်နဝါရီ ၄ ရက်၊ မနက် ၇ နာရီခွဲဝန်းကျင်ကလည်း မိုင်တိုင်အမှတ် (၂၈၆/၆) နဲ့ (၂၈၆/၇) ကြားမှာ ISUZU အစိမ်းရောင်ယာဉ်တစီး ရှေ့ဝဲဘက် ဘီးပေါက်ပြီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့တဲ့အတွက် သံဃာတော်တပါးအပါအဝင် သုံးယောက် သေဆုံးခဲ့သလို အဲ့ဒီ့နေ့မှာပဲ မိုင်တိုင်အမှတ် ၁၃၁ မိုင်အနီးမှာ အိမ်စီးကားက ရှေ့ကကားတစီးကို ဝင်ရောက်တိုက်မိခဲ့တာကြောင့် ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၅ ရက်၊ နေ့လယ် ၁၁ နာရီ ၅၄ မိနစ်ဝန်းကျင်ကလည်း မိုင်တိုင််အမှတ် (၁၇၀/၃) နဲ့ (၁၇၀/၄) ကြားမှာ ယာဉ်တစီး မီးလောင်မှု ဖြစ်ပွားခဲ့သလို အဲ့ဒီ့နေ့မွန်းလွဲ ၂ နာရီ၊ မိနစ် ၂၀ ဝန်းကျင်ကလည်း မိုင်တိုင်အမှတ် (၁၈၄/၄) နဲ့ (၁၈၄/၅) ကြားမှာ ယာဉ်တစီး ရှေ့ယာဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကို ဝင်ရောက် တိုက်မိခဲ့တာကြောင့် အမျိုးသားတယောက် သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

ဇန်နဝါရီ ၆ ရက်၊ ညနေ ၅ နာရီ၊ မိနစ် ၅၀ ဝန်းကျင်ကလည်း မိုင်တိုင်အမှတ် ၃၀၂/၁ ဖာလုံကြားမှာ ဆိုင်ကယ်နဲ့ အိမ်စီးကားတို့ တိုက်မိမှုဖြစ်ပွားခဲ့တာကြောင့် အသက် ၅၈ နှစ်အရွယ်ရှိ ဆိုင်ကယ်မောင်းသူ အမျိုးသားမှာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“အခု နှစ်ဆန်းပိုင်းမှာတင်ကို ယာဉ်တိုက်မှုတွေ၊ မတော်တဆ ဖြစ်မှုတွေက အရှိန်အဟုန်နဲ့ ဆိုသလိုကို ဖြစ်နေသလိုပဲ။ ဟိုင်းဝေးမောင်းရင် ယာဉ်ကြံ့ခိုင်မှုရှိဖို့ လိုသလို ယာဉ်မောင်း အိပ်ရေးဝနေဖို့၊ အိပ်မငိုက်ဖို့လည်း လိုတယ်။ ခရီးဝေးမထွက်ခင် အိပ်ရေးဝအောင် အိပ်ထားပါ။ ခရီးရှည်တွေထွက်တဲ့အခါ အချိန်အကြာကြီးတောက်လျှောက် မောင်းနေတာထက် လမ်းမှာ ခဏတဖြုတ်နားပါ။ အိပ်ငိုက်လာရင် ကားကို လုံးဝ ဆက်မမောင်းသင့်ပါဘူး။ အမြန်လမ်းပေါ်မှာ သွားလာနေတဲ့ ကားရဲ့ အမြန်နှုန်းဟာ မြို့တွင်းလမ်းတွေမှာ မောင်းနေတဲ့ အမြန်နှုန်းတွေထက် ရွေ့လျားနေတဲ့အရှိန် အရမ်းကိုများပါတယ်။ ဒါ့ကြောင့် အကြောင်းတခုခုကြောင့် ယာဉ်မတော်တဆမှုဖြစ်ရင် ထိခိုက်မှု ပိုပြင်းထန်တတ်ပါတယ်။ ယာဉ်မောင်းအိပ်ငိုက်လို့ တခုခုကို ဝင်တိုက်မိရင် အသေအပျောက်များနိုင်သလို ကားပျက်စီးမှုလည်း ကြီးမားပါတယ်။ ကားမီးလောင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်” လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ဒါ့ကြောင့် ခရီးဝေးသွားလာမယ့် ယာဉ်မောင်းတွေအနေနဲ့ နေ့လယ်စာ ထမင်းစားပြီးချိန် အိပ်ငိုက်တတ်တဲ့ အချိန်တွေမှာ ကားမောင်းခြင်းကို ရှောင်ကျဉ်သင့်ပြီး ထမင်းစားပြီးချိန် ခဏတဖြုတ် တမှေးလောက် အိပ်စက်သင့်တယ်လို့ သိရပါတယ်။

ညပိုင်းခရီးဝေး ကားမောင်းရတဲ့အခါ ညဉ့်နက်သန်းခေါင်ယံအချိန်နဲ့ အရုဏ်တက်ချိန်တွေမှာ အိပ်ငိုက်တတ်တာကြောင့် ကြိုတင် သတိပြုဆင်ခြင်သင့်သလို တချို့သော ဆေးဝါးတွေကြောင့် ယာဉ်မောင်းတွေ အိပ်ငိုက်သွားတတ်တဲ့အတွက် အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ ဆေးဝါးတွေကို သတိပြု သောက်သုံးသင့်တယ်လို့ သိရပါတယ်။

ညပိုင်း ခရီးဝေးကားမောင်းတဲ့အခါ အဖော်မပါဘဲ တယောက်တည်း မမောင်းသင့်ဘဲ ဘေးက အဖော်လိုက်ပေးသူနဲ့ စကားပြောသွားပါက အိပ်ချင်ပြေနိုင်ပြီး ခရီးမိုင် (၁ဝဝ-၁၂ဝ) လောက် မောင်းပြီးတိုင်း ခေတ္တအနားယူကာ ကော်ဖီသောက်တာ ဒါမှမဟုတ် သစ်သီးတခုခုစားတာမျိုး ပြုလုပ်ပေးသင့်တယ်လို့ သိရပါတယ်။

ကားထဲမှာ အချိန်ကြာကြာထိုင်နေရတာကြောင့် အညောင်းအညာပြေစေဖို့ ကားပေါ်မှဆင်းပြီး လမ်းလျှောက်ကာ ခြေလက် လေ့ကျင့်ခန်းလုပ်ပေးရမှာဖြစ်သလို ယာဉ်ရပ်နားစခန်းတွေမှာ ခရီးတထောက်နားပြီး အဆာပြေတခုခုစားပါကလည်း အချို့အဆိမ့်တဲ့အစားအစာ၊ အဆီများတဲ့ အစားအစာတွေကို ရှောင်ကျဉ်သင့်သလို အရက်၊ ဘီယာသောက်သုံးခြင်းကိုလည်း ရှောင်ကျဉ်သင့်တယ်လို့ သိရပါတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW