ပဲခူးတိုင်းအနောက်ပိုင်းမှာ ပြည်သူ့စစ်ဖွဲ့ဖို့ လူစုဆောင်းမှုတွေရှိနေတဲ့ သတင်းတွေကြောင့် ပြည်သူတွေ စိုးရိမ်နေကြ

 

ရန်ကုန်၊ ဇန်နဝါရီ ၁၇- ၂၀၂၄

GG(VOM)

ပဲခူးတိုင်းအနောက်ပိုင်းမှာ ရပ်ကွက် ကျေးရွာလုံခြုံရေးအတွက် ပြည်သူ့စစ်ဖွဲ့ဖို့ဆိုပြီး ရပ်ကွက်တွေနဲ့ ကျေးရွာတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ လူစုဆောင်းမှုတွေရှိလာနေတယ်လို့ ဒေသခံပြည်သူတွေဆီကသိရပါတယ်။

” အစက ကောလဟာလ လို့ထင်နေတာ၊ အခုတော့ ကိုယ့်အနီးအနားရွာတွေမှာ စာရင်းတွေတကယ်ကောက်နေကြပြီ၊ကိုယ့်ရွာမှာကိုနေကြတာအေးချမ်းပါတယ်။ဘာမှမဖြစ်ပါဘူး။ကိုယ့်တနေ့လုပ်မှတနေ့စားရတာပါ၊ ကျွန်နော်မှမဟုတ်ဘူး လူတိုင်းမဝင်ချင်ကြဘူး၊အခုဆိုအားလုံးကအဲ့ဟာကြောင့် စိတ်တ္တဇတွေတောင်ဖြစ်နေကြတယ်၊မလိုက်ချင်လို့လေ ။ ” လို့ ပဲခူးအနောက်ခြမ်းက ပြည်သူတယောက်ကပြောပါတယ်။

ကျေးရွာမှာနေထိုင်တဲ့ ကျန်းမာသန်စွမ်းတဲ့ လူငယ်အမျိုးသား အသက် ၁၈ နှစ်ကနေ ၅၅ နှစ်အတွင်း အမျိုးသားတွေထဲက အယောက် ၃၀ စုပေးဖို့ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေ ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကို တောင်းခံလာတာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

လူစုဆောင်းမှုကို လက်ခံပြီး ရပ်ရွာထဲမှာရှိတဲ့ အမျိုးသားစာရင်းကောက်ယူပြီး မဲနိူက်ရွေးချယ်ကာ လူစုပေးတာတွေ လုပ်ကြသလို တချို့ရွာတွေမှာလည်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က ရွာဒေသခံတွေနဲ့အစည်းအဝေးလုပ်ကာ ညှိနိူင်းမှုတွေပြုလုပ်နေကြတယ်လို့ သတင်းတွေကဆိုပါတယ်။

” သူများရွာတွေတော့ ၁၀ ယောက်တောင်းတာရှိတယ်။၃၀ ရှိတယ်၊ပေါင်းတည်ဘက်ဆို ၄၀ တောင်းတာရှိတယ်။သူက ရွာအကြီးအသေးပေါ်လိုက်ပြီး လူအင်အားကိုတောင်းတာလို့ထင်တယ်။ အခြေအနေတော့မသိရသေးဘူး။ ရွာကတော့ အဲ့ကိစ္စအတွက် တော်တော်စိုးရိမ်နေကြတယ်။ ရွာသားတွေနဲ့အစည်းအဝေးလုပ်ဖို့ရှိသေးတယ် ” လို့ ပြည်သူ့စစ်ဖွဲ့ဖို့ အတွက် လူစုဆောင်းပေးရန် အသိပေးခြင်းခံထားရတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတယောက်ကပြောပါတယ်။

ပြည်သူ့စစ်ဖွဲ့ဖို့ တပ်သားစုဆောင်းခံရသူတွေကို သက်ဆိုင်ရာမြို့နယ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကသင်တန်းပို့ချပေးပြီး လက်နက်တပ်ဆင်ပေးကာ ရပ်ရွာလုံခြုံရေးအတွက်ထားရှိမှာဖြစ်တယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။

လက်ရှိတော့ ပဲခူးတိုင်းအနောက်ပိုင်းမှာ ပြည်သူ့စစ်ဖွဲ့ဖို့အတွက် လူစုဆောင်းပေးဖို့ ပြောဆိုခံထားရတဲ့ရွာ နဲ့ ရပ်ကွက် ကျေးရွာ ၁၀ ရွာထက်မနည်းရှိနေတယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။

Photo: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW