အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဆောင်းသီးနှံတွေ ပိုမိုထိခိုက် ပျက်စီးနိုင်

 

ရန်ကုန် ၊ဇန်နဝါရီ ၁၇ – ၂၀၂၄

GG (VOM)

အယ်လ်နီညိုဖြစ်စဉ်ကြောင့် ခုနှစ်မှာ ဆောင်းသီးနှံတွေ စိုက်ပျိုးမှုအပေါ် ပိုမိုထိခိုက် လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပြီး ဆောင်းသီးနှံထဲက မတ်ပဲ ၊ပဲတီစိမ်း စိုက်ခင်းတွေမှာ ရောဂါပိုးကျရောက်မှုများတဲ့အတွက် ပိုးသတ်ဆေးတွေကို ပိုပြီးအသုံးပြုနေရတယ်လို့ တောင်သူတွေကလည်း ပြောပါတယ် ။

” ခုနှစ်က အယ်လ်နီညိုကြောင့် ပူချင်ရင် စွတ်ပူမယ်၊အေးချင်ရင် မတရားအေးမယ်၊ခုဆောင်းတွင်းမှာကို မိုးက ရွာတာတွေဖြစ်တယ်ပေါ့။ ခုလာမယ့်ရက်မှာလည်း မိုးရွာနိုင်လို့ ဒါတွေက ပိုးအကြိုက်တွေပေါ့၊နောက်ကျမှစိုက်တဲ့ အခင်းဆိုရင် ပိုပြီးဂရုစိုက်ရမယ်၊ စောတဲ့အခင်းကလည်း မိုးမိခံရရင်ပိုးကို ဂရုစိုက်ရမယ်၊နောက်ကျတဲ့အခင်းကတော့ ပိုးရော၊ အပင်တက်ဖို့ရော အသီးသီးအောင်ပါ အထူးဂရုစိုက်ရမှာပါ၊ လယ်တွေကလည်း ဓာတုဆေးဝါးတွေအသုံးများတော့ မြေတွေပျက်စီးလာတယ်။ မြေပြင်တာတွေလုပ်ဖို့လိုအပ်ပါတယ်။သဘာဝနည်းနဲ့ပဲ ဖြစ်ဖြစ်၊ မြေခံဓာတ်မြေဩဇာ၊ ကျောက်မှုန့် တွေပက်တာမျိုးလုပ်ရပါမယ် ၊ လယ်ကိုမီးရှို့တာတွေ ရှောင်ရမယ် ” လို့ စိုက်ပျိုးရေးပညာရှင် တယောက်ကသုံးသပ်ပြောပါတယ်။

ဒါ့အပြင် ပဲပင်တွေ ထကြွမှုနှေးတာကြောင့်လည်း စိုက်ပျိုးရေးသွင်းအားစုတွေ ပိုပြီးသုံးနေရတာကတကြောင်း ၊ အလုပ်သမားငှားရမ်းခ ၊ စက်သုံးဆီဈေးတက်လို့ စိုက်ခင်းရေ တင်စရိတ်ကုန်ကျမှုမြင့်တက်ခြင်း စတဲ့အခက်အခဲတွေကြောင့် တောင်သူတွေ ကုန်ကျစရိတ်မြင့်တက်လာတယ်လို့သိရပါတယ်။

” မနှစ်က တကြိမ်ပဲရေတင်ရတယ်၊ ခုနှစ် နှစ်ကြိမ်တင်ရတယ်၊ ပိုးသတ်ဆေးဆိုလည်းပိုသုံးရတယ်၊ အားဆေးဆိုလည်းပိုသုံးရတယ်။ခုနှစ်ပဲပင်တွေက အတော်လေးကိုလုပ်ယူနေရတယ်၊တချို့ပဲခင်းတွေဆို အဝါရောင်ရောဂါ တွေကျပြီး နူကုတ်လို့၊ လယ်မြေသားကောင်းတဲ့သူတွေကတော့ ပဲတွေထွက်ကျတယ်၊မြေသားညံ့တဲ့လယ်တွေက စိုက်ပျိုးရေး ဆေးတွေပိုသုံးရတယ်။တွက်ကြည့်တော့ အရင်းအနှီးကုန်ကျစရိတ်ကသာများလာတာ အမြတ်ကတော့ မတ်ပဲ တဧက ၁၀ တင်းထွက်မှ သုံးသိန်းလောက်ပဲမြတ်မယ် ၊ကိုယ့်လုပ်အားခမပါဘူး ” လို့ ပြည်ခရိုင်ထဲက မတ်ပဲစိုက်တောင်သူ တယောက်ကပြောပါတယ်။

ခုနှစ်မှာ စိုက်ပျိုးရေးဆေးအားလုံးကလည်း အရင်နှစ်ကထက် ဈေးတွေမြင့်တက်လာတာကြောင့်လည်း ကုန်ကျစရိတ်တွေက ပိုမြင့်တက်လာရတာဖြစ်ပါတယ်။

ပဲစိုက်ခင်း တဧကကို မှိုရောဂါ ကာကွယ်ဆေး၊ သီးလုံးဖောက်ပိုးအပါ ပင်လုံးပြန့်ပိုးသတ်ဆေး ၊ ဖားဥ သံချေးရောဂါပိုး ၊ရွက်စားပိုး ၊ ပင်စည်စားပိုး၊အပင် အဝါရောင်ဖြစ်စေတဲ့ရောဂါပိုး စတဲ့ အဖျက်ပိုးတွေအတွက်ကို ပိုးသတ်ဆေးတွေ ပိုသုံးနေရပြီး ပဲပင်အတက်မြန်ဖို့အတွက်ကိုတော့ အပင်အားဆေး၊ ရေတင်ရတာတွေကို ပိုပြီးလုပ်လာရတာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိဆောင်းသီးနှံ ပဲစိုက်ပျိုးရာမှာ စိုက်ပျိုးစရိတ်ကုန်ကျမှုအနေနဲ့ အရင်နှစ်က ကုန်ကျစရိတ်ထက် တစ်ဧကကို တသိန်း ခွဲလောက်ထိ ပိုမိုကုန်ကျမှုရှိနေတယ်လို့ တောင်သူတွေဆီကသိရပါတယ်။

” ပဲတီစိမ်း လည်းမတ်ပဲလိုပါပဲ ခုနှစ်ကုန်ကျစရိတ်မြင့်တယ်၊ မနှစ်က လေးသိန်း ခွဲလောက်ရှိတာ ခုနှစ် ခြောက်သိန်း လောက်ကျတယ်၊ စိုက်ပျိုးရေးဆေးကလည်း တဘူး ၁၀၀၀၀ လောက်တက်တယ်။ပဲတီစိမ်းကတော့ ရေမတင်ရလို့ ရေတင်စရိတ်မရှိဘူး။ခုနှစ်ကအကုန်တက်ပါတယ် ” လို့ ပဲတီစိမ်း စိုက်တောင်သူ တယောက်ကပြောပါတယ်။

ဒီနှစ်မှာ ကုန်ကျစရိတ်အခြေအနေအရ မတ်ပဲ တဧက ကို မတ်ပဲ ၁၀ တင်းထွက်ပြီး အနိမ့်ဆုံး ၉၀၀၀၀ ကျပ်ရောင်းရရင် အကျိုးအမြတ်ရရှိနိုင်ပေမယ့် ခုနှစ်တင်းသာထွက်ပါက အရင်းသာရရှိမှာဖြစ်ကြောင်း အကယ်၍ ရောဂါပိုးကြောင့် မတ်ပဲ ခုနှစ်တင်းအောက်သာထွက်ပါက တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့ဆိုပါတယ်။

ပဲတီစိမ်းကတော့ တဧကကို ၁၅ တင်းထွက်လေ့ရှိပြီး အများဆုံး ၂၅ တင်းလောက်အထိ ထွက်ကြောင်း ၊ ၁၅ တင်းထွက်ပြီး ၆၀၀၀၀ ဈေးရောင်းရပါက ငါးတင်းအမြတ်ကျန်နိုင်တယ်လို့သိရပါတယ်။

လက်ရှိ ပဲတီစိမ်း ၊ မတ်ပဲကို အရင်စိုက်ပျိုးတဲ့ဒေသတွေက ရိတ်သိမ်းနေကြတာကြောင့် ဈေးကွက်ထဲကို ပဲအသစ်တွေရောက်နေပြီဖြစ်ပါတယ်။ ပဲတီစိမ်းသက်တမ်းက နှစ်လခွဲ သက်တမ်း ၊ မတ်ပဲသက်တမ်းမှာ သုံးလသက်တမ်း ရှိပြီး မတ်လက ပဲတွေရိတ်သိမ်းရတဲ့ နောက်ဆုံး လဖြစ်ပါတယ်။

Photo: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW