ဖြစ်မယ့်အကြောင်းအရာတွေ ကြိုသိတယ်ဆိုတဲ့ အေမီဈာန် ရေခြား မြေခြားမှာ သူအဖမ်းခံရမှာကို ကြိုမသိခဲ့

ဇန်နဝါရီ ၁၉ – ၂၀၂၄
SN (VOM)

မလေးရှားနိုင်ငံ၊ ပီနန်ပြည်နယ်၊ ဘာတာဝပ်မြို့က ကလပ်တခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံမှ အဆိုတော် အေမီဈာန်၊ မော်ဒယ်လ် ဖူးပွင့်ခိုင်နဲ့ DJ ZOO3Y အပါအဝင် မြန်မာနိုင်ငံသား သုံးဆယ်ကျော်ဟာ လက်ရှိအချိန်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးဘူးလို့ မလေးရှားရောက် မြန်မာတွေဆီက သိရပါတယ်။

သူတို့ဟာ ဘာတာဝပ်မြို့ရှိ Royce Luxury Night Club မှာ ဇန်နဝါရီ ၁၃ ရက်၊ မလေးရှား စံတော်ချိန် ည ၁၂ နာရီ ၂၃ မိနစ်ဝန်းကျင်က ဖျော်ဖြေပွဲ ကျင်းပနေချိန်အတွင်း မလေးရှားနိုင်ငံသားတွေရဲ့ တိုင်တန်းချက်အရ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့က မလေးရှားကို အလည်အပတ်ဗီဇာနဲ့ လာတာဆိုတော့ အခုလိုမျိုး ပွဲလုပ်ခွင့်မရှိဘူး။ အခုက စီးပွားရေးနဲ့ပတ်သက်ပြီး ဖျော်ဖြေပွဲလုပ်ခဲ့တာဆိုတော့ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ရာရောက်တဲ့အတွက် တရားရင်ဆိုင်မှုတွေ ဆက်လုပ်ရဦးမှာပါ။ အခုထိတော့ သူတို့က ရဲစခန်းမှာပဲ ရှိနေပါသေးတယ်။ ဒီအမှုကို တရားရုံးတင်တဲ့အခါကျရင်တော့ ဒဏ်ငွေဆောင်ရမှာပေါ့။ ဒဏ်ငွေမဆောင်နိုင်ရင်တော့ ထောင်ကျခံရမှာပါ။ ဒဏ်ငွေကတော့ ရင်းဂစ် တသောင်း၊ မြန်မာငွေနဲ့တွက်ရင် ၇၅ သိန်းနီးပါးလောက် ရှိပါတယ်” လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတယောက်က ပြောပါတယ်။

သူတို့တွေဟာ အော်ပရာစီလို့ခေါ်တဲ့ တရားမဝင် အထောက်အထားမဲ့ နေထိုင်သူတွေကို ဖမ်းဆီးတဲ့ စီမံချက်ကြောင့် အဖမ်းခံခဲ့ရတာဖြစ်တယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်နေပေမယ့် အဲ့ဒီ့ လုပ်ငန်းစဉ်နဲ့ ဆက်စပ်မှုမရှိဘဲ ဆူညံလွန်းတာကြောင့် ဘေးပတ်ဝန်းကျင်က တိုင်တန်းခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးချိန်မှာ အထောက်အထားရှိသူတွေရော၊ အထောက်အထား မရှိသူတွေကိုပါ ဖမ်းဆီးခဲ့တာပြီး ကားသုံးစီးနဲ့ တင်ဆောင်ကာ ဂျာဝီးရဲစခန်းကို ခေါ်ဆောင်ခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ အရေအတွက်ဟာ ခန့်မှန်းခြေအားဖြင့် လူ ၂၀၀ ကျော်လောက်ရှိပြီး အထောက်အထား ပြည့်စုံတဲ့ မြန်မာနိုင်ငံသားတချို့ ပြန်လည်လွတ်မြောက်လာပေမယ့် အဆိုတော် အေမီဈာန်၊ မော်ဒယ်လ် ဖူးပွင့်ခိုင်နဲ့ DJ ZOO3Y အပါအဝင် မြန်မာနိုင်ငံသား သုံးဆယ်ကျော်ကတော့ လက်ရှိအချိန်အထိ ပြန်လည် လွတ်မြောက်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းက လူမှုကွန်ယက်မှတဆင့် မျှဝေထားတဲ့ ရုပ်/သံဖိုင်တွေမှာ မြန်မာနိုင်ငံသား အများအပြားကို မလေးရှားရဲတပ်ဖွဲ့နဲ့ ဒေသအာဏာပိုင်တွေက စစ်ဆေးနေတာကို တွေ့ရပြီး အဆိုတော် အေမီဈာန်နဲ့ မော်ဒယ်လ် ဖူးပွင့်ခိုင်တို့ကိုပါ အချုပ်ကားနဲ့ ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။

မလေးရှားရဲတပ်ဖွဲ့နဲ့ ဒေသအာဏာပိုင်တွေဟာ တရားမဝင် နေထိုင်သူတွေကို ဖော်ထုတ်ဖမ်းဆီးတဲ့ အော်ပရာစီ စီမံချက်ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကစလို့ တနိုင်ငံလုံးအနှံ့ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေတာဖြစ်ပြီး အဲ့ဒီ့ ဒီဇင်ဘာလအတွင်းမှာပဲ မြန်မာနိုင်ငံသားတွေ အပါအဝင် တရားမဝင် အထောက်အထားမဲ့ နေထိုင်သူ ထောင်နဲ့ချီကာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဲ့ဒီ့လို အော်ပရာစီ စီမံချက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတဲ့အတွက် မလေးရှားရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ သတိနဲ့ နေထိုင်ကြဖို့၊ သောက်စားမူးယစ်ခြင်း၊ အော်ဟစ်ဆူညံခြင်းတွေနဲ့ ပွဲလမ်းသဘင်တွေကို သွားရောက် ပျော်ပါးကြခြင်းတွေကို ဆင်ခြင်ကြဖို့ မလေးရှားရောက် မြန်မာအသိုင်းအဝိုင်းက နှိုးဆော်တိုက်တွန်းမှုတွေ လုပ်ဆောင်လျက် ရှိပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW