မိုးမိတ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး မြို့မဈေးကြီး မီးလောင်

ဇန်နဝါရီ ၊ ၂၀ ၊ ၂၀၂၄
SP ( VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ ကချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ မိုးမိတ်ခရိုင် ၊ မိုးမိတ်မြို့မှာ ဒီကနေ့မနက်ထိ ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး မနေ့ညက မြို့မဈေးကြီး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး မိုးမိတ်မြို့ခံတယောက်က ” ပစ်ခတ်မှုတွေက ဆက်လက်ရှိနေတုန်းပဲ ၊ မြို့မရဲစခန်းဘက်မှာတော့ ပြင်းထန်နေတယ် ၊ ညက မြို့မဈေးကြီး မီးလောင်ပျက်စီးတယ် ၊ ဆိုင်ခန်းတွေ အားလုံးနဲ့ ကုန်ပစ္စည်းတွေ အားလုံး ပျက်စီးသွားတယ် ၊ ဆုံးရှုံးမှုတန်ဖိုး သိန်းထောင်ချီရှိနိုင်တယ် ၊ သက်ဆိုင်ရာက ပျက်စီးဆုံးရှုံးမှုတန်ဖိုး အခုထိ ထွက်ပေါ်လာတာ မရှိသေးဘူး ၊ မိုးမိတ်မှာက အရပ်ဘက်ရုံးဌာနတွေ အကုန်လုံးနီးပါးက ပိတ်ထားရတယ် ၊ အဲ့ဒီ ရုံးဝန်ထမ်းတွေနဲ့ ဒေသခံ အရပ်သား သောင်းချီထွက်ပြေးနေရတယ် ” လို့ ပြောပါတယ်။

မနေ့က မိုးမိတ်မြို့ပေါ်မှာ တနေကုန်တိုက်ပွဲဖြစ်ပွားပြီး မိုးမိတ်မြို့ရဲ့ ရုံးဌာနတချို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဝင်ရောက်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

” မနေ့က ညနေပိုင်းမှာ မိုးမိတ်မြို့မရဲစခန်း ပြန်ထိန်းချုပ်ရယူနိုင်ခဲ့တယ် ၊ နှစ်ဘက် ထိခိုက်သေဆုံးမှုတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ အဓိက တိုက်ပွဲဖြစ်တဲ့နေရာတွေက ရွှေတောင်ဦး ဘုရားဘက်နဲ့ ပုပ္ပါရုံဘုန်းကြီးကျောင်း ၊ ရွှေလင်းပင် ဘုရားဘက်မှာဖြစ်တယ် ၊ ပစ်ခတ်မှုတွေကြောင့် ဘာသာရေး အဆောက်ဦးတချို့ ထိခိုက်ပျက်စီးတယ် ၊ အရပ်သား တချို့လည်း ထိခိုက်သေဆုံးတယ်လို့ ကြားရတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ” လို့ မိုးမိတ်မြို့ခံတယောက်က ပြောပါတယ်။

ဒီမနက် ၅ နာရီဝန်းကျင်က မိုးမိတ်ခရိုင် ၊ မဘိမ်းမြို့နယ်ဘက်မှာလည်း ထိတွေ့တိုက်ပွားတချို့ ဖြစ်တာကြောင့် ဒီမနက် အစောပိုင်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကလည်း ကယားပြည်နယ် ၊ လွိုင်ကော်မြို့မှာရှိတဲ့ မြို့မဈေးကြီး မီးလောင်ပျက်စီးတာတွေ ဖြစ်ခဲ့ပါသေးတယ်။

Photo: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW