မိုးရေးမြို့မှာ အိန္ဒိယ စစ်တပ်နဲ့ ကူကီး လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်လို့ တမူး – မိုးရေး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်

ဇန်နဝါရီ ၊ ၂၀ ၊ ၂၀၂၄
SP (VOM)

မြန်မာ – အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေတည်ရှိရာ အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ တင်နိုပယ်ခရိုင် ၊ မိုးရေးမြို့မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက် မနက်အစောပိုင်းကစလို့ ဒီကနေ့အထိ ဒေသတွင်း လက်နက်ကိုင် ကူကီးအဖွဲ့တွေနဲ့ အိန္ဒိယ စစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တမူး – မိုးရေး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ထားရတယ်လို့ နယ်စပ်ကုန်သည်ကြီးတွေဆီက သိရပါတယ်။

အဲ့ဒီအကြောင်းနဲ့ ပတ်သက်ပြီး မိုးရေးမြို့ခံ နယ်စပ်ကုန်သည် ဦးဂျမားက
” မြန်မာ နယ်စပ်က မိုးရေးမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ် ၊ နှစ်ဘက်ထိခိုက် သေဆုံးမှုတွေရှိတယ် ၊ မနေ့ကတိုက်ပွဲမှာ အသက် ၃၅-နှစ်နဲ့ ၃၈-နှစ်အရွယ် ကျဆုံး လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးဟာ မိုရေးမြို့ အထူးကွန်မန်ဒိုတပ် လက် အောက်ခံ အမှတ် ၅ အိန္ဒိယအရံ ရဲတပ်ဖွဲ့ IRB က ဖြစ်တယ် ၊ အဲ့ဒီ ရုပ်အလောင်းတွေကို ဒီကနေ့ မနက်ပိုင်းမှာ အင်ဖာမြို့က စစ်သင်္ချိုင်းမှာ အခမ်းအနားနဲ့ သဂြိုလ်မယ်လို့ သတင်းထုတ်ပြန်ထားတယ် ၊ အဲ့ဒီ စစ်သားတွေ မြေချပြီးနောက် မိုးရေးဘက်မှာ စစ်ရေးအရှိန် တိုးမြင့်လာတာတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေပိတ်ထားတယ် ၊ အခုထိတော့ မိုးရေးမြို့ပေါ်မှာ ပစ်ခတ်သံတွေ ကြားနေရဆဲဖြစ်တယ် ” လို့ပြောပါတယ်။

ဒါ့အပြင် မနေ့က မနက်ပိုင်း ၃ နာရီ ဝန်းကျင်းမှာ အိန္ဒိယ မိုရေးနဲ့ မြန်မာနိုင်ငံအတွင်း အခြေစိုက် ကူကီးလက်နက်ကိုင်ဟာ မိုး​ရေးမြို့ ၊ မေထေး(ကသည်း) ဘုရား ကျောင်းအနီးရှိ IRB ရဲကင်းကို ပထမဆုံး တိုက်ခိုက်ခဲ့ပြီး ၊ အဲ့ဒီတိုက်ပွဲမှာ ရဲစခန်းက ပြန်လှန်ပစ်ခတ်တဲ့အတွက် တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ သိရပါတယ် ။ အဲ့ဒီ ပစ်ခတ်မှုတွေကြောင့် အရပ်သားေတွနေထိုင်တဲ့ ကန်နမ်ဗန် အမှတ် ၁ ၊ ၂ နဲ့ အမှတ် ၃-ရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

” ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၃၁ ရက်က မိုးရေးမြို့မှာ ဒေသခွဲ အကြီးတန်း ရဲအရာရှိ လုပ်ကြံပစ်သတ်ခံရတယ် ၊ အဲ့ဒီ အမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး စွပ်စွဲခံရတဲ့ ကူကီးလက်နက်ကိုင်အဖွဲ့က ကေမိုဆမ်ကျေးရွာ အကြီးအကဲနဲ့ အိန္ဒိယတပ်မတော်စစ်မှုထမ်းဟောင်းတဦးကို ဇန်နဝါရီ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့တယ်၊ အဲ့ဒါကို ကျေနပ်မှုမရှိလို့ အခုလို ကူကီးလက်နက်ကိုင်တွေက ၊ လက်တုန့်ပြန်တာ ဖြစ်နိုင်တယ် ” လို့ မိုးရေးမြို့ခံ တယောက်က ပြောပါတယ်။

မြန်မာ – အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ အခုဆိုရင် မြန်မာဘက်ခြမ်းက လမ်းပိုင်းတွေဖြစ်တဲ့ ကလေးနဲ့တမူးမြို့အကြား နေရာတော်တော်များနဲ့ ချင်းပြည်နယ် မြောက်ပိုင်းဘက်တွေမှာ မကြာခဏ တိုက်ပွဲတွေဖြစ်နေသလို ၊ အိန္ဒိယဘက်ခြမ်းက မိုးရေးမြို့မှာလည်း တိုက်ပွဲတွေဖြစ်နေတာကြောင့် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ ရပ်နားထားရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW