ရခိုင်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်မှုကြောင့် ဘဏ်လုပ်ငန်းနဲ့ မိုဘိုင်း ငွေကြေးဝန်ဆောင်မှုတွေ ရပ်တန့်နေ

 

ဇန်နဝါရီ ၁၉ – ၂၀၂၄

SN (VOM)

ရခိုင်က မြို့နယ်အများအပြားမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ် တောက် နေတဲ့အတွက် လက်ရှိမှာ ဘဏ်လုပ်ငန်းနဲ့ မိုဘိုင်း ငွေကြေး ဝန်ဆောင်မှုတွေ ရပ်တန့်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီလ ၁၆ ရက်နေ့၊ မနက် ၅ နာရီဝန်းကျင်ကစပြီး ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ် တောက်သွားတာ ကြောင့်လက်ရှိမှာ စစ်တွေရှိ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာဝတီဘဏ်၊ CB ဘဏ်နဲ့ ရိုးမဘဏ်တွေရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းနေသလို Wave Money, KBZpay စတဲ့ မိုဘိုင်း ငွေသွင်း၊ ငွေထုတ် လုပ်ငန်းတွေလည်း ရပ်တန့်နေတယ်လို့ သိရပါတယ်။

“အခုက ဖုန်းလိုင်းက Mytel တမျိုးပဲရတာ။ Mytel တောင်မှ ဖုန်းပြောဖို့အတွက်ပဲရတာ၊ အင်တာနက်မရဘူး။ အူရီဒူးကတော့ တချက်၊ တချက် တိုင်တတိုင်လောက် တက်လာတာရှိတယ်။ တခြား ဆင်းမ်ကတ်တွေကတော့ ဘာမှကိုသုံးလို့မရတာ။ သတင်းတွေကတော့ အမျိုးမျိုး ထွက်နေတာပဲ။ ဆက်သွယ်ရေး ကြိုးတွေကို လက်နက်ကြီးထိလို့ ဆိုပြီးတော့လည်း ပြောနေကြတယ်။ ဒါပေမယ့် အားလုံးထဲမှာမှ Mytel တမျိုးပဲ ရနေ‌တာကတော့ စဉ်းစားစရာပေါ့” လို့ ဒေသခံတယောက်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ နစကတပ်တို့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစလို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာ ကြောင့် ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ နေတဲ့အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကိုပါ ပြတ်တောက် နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေကြရတယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း ရခိုင် (မြောက်ပိုင်း) ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ရသေ့တောင်မြို့နယ်တွေမှာ နစကနဲ့ AA တို့ကြား တိုက်ပွဲတွေ ပိုမို ပြင်းထန်နေပြီး နစကတပ်စခန်းတွေနဲ့ ဗျူဟာကုန်းတွေကို ရက်ပိုင်းအတွင်း ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီဖြစ်တယ်လို့ AA က သတင်းထုတ်ပြန်ထားပါတယ်။

ပလက်ဝနဲ့ ကျောက်တော်ကြားမှာရှိတဲ့ နစကရဲ့ အကြီးဆုံး ဗျူဟာကုန်းတခုဖြစ်တဲ့ မီးဝဗျူဟာကုန်းအပါအဝင် ကျောက်တော်မြို့နယ်က တောင်ရှည်တောင်ဗျူဟာကုန်းနဲ့ တပ်စခန်းတော်တော်များများကိုလည်း သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် နစကဘက်ကတော့ ဒါတွေဟာ သတင်းမှားတွေသာ ဖြစ်တယ်လို့ ငြင်းဆိုထားပါတယ်။

Photo: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW