နောင်ချိုမှာ (၁၂) ဘီးကားတစီး ဘရိတ်ပေါက်ပြီး ပေ (၂၀၀) အနက်ရှိ ချောက်ထဲထိုးကျ၊ လူနှစ်ယောက် ပွဲချင်းပြီး သေဆုံး

 

ဇန်နဝါရီ-၂၂-၂၀၂၄

SN (VOM)

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှာ မနေ့ ဇန်နဝါရီ ၂၁ ရက်၊ မနက် ၈ နာရီဝန်းကျင်က ဘိလပ်အိတ်တွေ သယ်ဆောင်လာတဲ့ Fuso (၁၂) ဘီးကားတစီး ဘရိတ်ပေါက်ပြီး ပေ (၂၀၀) အနက်ရှိ ချောက်ထဲ ထိုးကျခဲ့တာကြောင့် လူနှစ်ယောက် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်း (ကံကြီး) မှ သိရပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်ဟာ နောင်ချို- ရပ်စောက်လမ်းမကြီး၊ ဒုဌ၀တီအဆင်းလမ်း၊ လေးထပ်ကွေ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၄၀ ကျော်ဝန်းကျင်အရွယ် ယာဉ်မောင်းနဲ့ အသက် ၃၀ ကျော်ဝန်းကျင်အရွယ် ယာဉ်နောက်လိုက်တို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“DB (Dead Body) တွေ ကားထဲမှာ ညှပ်နေလို့ ခက်ခက်ခဲခဲနဲ့ ထုတ်ခဲ့ရတယ်။ စပါယ်ယာက ပိုခက်တယ်။ သူက ညာခြေထောက်နဲ့ ဘယ်လက်နဲ့က ထိုင်ခုံနဲ့ ကန့်လန့်ကြီးညှပ်နေတာဆိုတော့ တော်တော်လေး ခက်ခက်ခဲခဲထုတ်လိုက်ရတယ်။ ဒါရိုင်ဘာက‌တော့ အဲ့လောက်မညှပ်ဘူး။ ကားကလည်း တစစီဖြစ်သွားတယ်။ ကားပေါ်မှာပါလာတဲ့ ဘိလပ်မြေတွေကလည်း အိတ် ၃၀၀ ကျော်လောက် ရှိမယ်ထင်တယ်။ အဲ့တော့ အလေးချိန်က တော်တော်များတယ်” လို့ မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်း (ကံကြီး) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

သေဆုံးသူတွေကို ကားထဲကထုတ်ယူတာမှာ အချိန် ၈ နာရီလောက် ကြာမြင့်ခဲ့ပြီး ညနေ ၄ နာရီဝန်းကျင်မှသာ အပြီးထုတ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

“အဲ့ဒီ့ကားက ကျွန်တော်ထင်တာတော့ မန္တလေးကနေ လားရှိုးဘက်သွားတာနဲ့တူတယ်။ လေးထပ်ကွေ့မှာ အခုလိုဖြစ်စဉ်တွေက အရင်ကလည်း မကြာခဏဖြစ်တယ်။ ဒါပေမယ့် အခုလို ချောက်ထဲကျသွားတာကတော့ ပထမဦးဆုံးအကြိမ်ပဲ။ လူသေတာလည်း ပထမဦးဆုံးအကြိမ်ပေါ့။ အဲ့ဘက်လမ်းက အဆင်းကလည်း ရှည်တော့လေ ဂီယာကြီးနဲ့ပဲ ဖြည်းဖြည်းချင်း ထိန်းဆင်းပြီးမှ သွားတာအကောင်းဆုံးပဲ။ အခုက ကားတွေက ဗရမ်းဗတာနဲ့ တအားကြီးမောင်းကြတယ်။ အဆင်းလမ်း ရှည်လို့ရှည်မှန်းလည်း မသိဘူး။ လမ်းကြောလည်း မသိကြတာများတယ်။ အခု ဟိုဘက်လမ်းပိတ်မှသာ ဒီလက်လမ်းလာကြတာဆိုတော့လေ။ အဲ့ဒါကြောင့် လမ်းပိုင်းကျွမ်းကျင်ဖို့လည်း လိုတယ်။ ကားကလည်း ကြံ့ခိုင်ရေးကောင်းမှ အဆင်ပြေမယ်။ အခုက ဘရိတ်ပေါက်တယ်ဆိုတာက ကျွန်တော်ထင်တယ်၊ ဘရိတ်ပူပြီးမှ ဘရိတ်ပျောက်သွားတာပေါ့။ အဆင်းက ရှည်တဲ့အခါကျတော့ ဘရိတ်က ထိန်းရင်းထိန်းရင်းနဲ့ ဘရိတ်ပျောက်သွားတာမျိုးဖြစ်မယ်။ အဲ့ဒါမျိုးက ခဏခဏဖြစ်တယ်” လို့ သူက ပြောပါတယ်။

သေဆုံးသူတွေကို မေတ္တာရောင်ခြည် လူမှုကူညီရေးအသင်း (ကံကြီး) နဲ့အတူ နောင်ချိုမြို့၊ ယာဉ်ထိန်းတပ်ဖွဲ့ တံတားရဲကင်းမှ ၀န်ထမ်းတွေနဲ့ နောင်ချိုမြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ ခက်ခဲစွာ ဆယ်ယူခဲ့ပြီး အခင်းဖြစ်ပွားရာနေရာကနေ နောင်ချိုပြည်သူ့ဆေးရုံကြီး၊ မော်ကျုရီကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW