မော်လမြိုင်မှာ မနေ့ညက ပွဲသွားကြည့်တဲ့ဆိုင်ကယ်တွေ ကားတိုက်ခံရလို့ လူတစ်ဦးသေ ၊ ၁၁ ဦး ဒဏ်ရာရ

 

ဇန်နဝါရီ ၊ ၂၂ ၊ ၂၀၂၄

SP ( VOM)

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ဂွေးကုန်းရပ်ကုန်း စမရ ၇၅ အနီး ကျိုက္ခမီလမ်းမကြီးမှာ မနေ့ ဇန်နဝါရီ ၂၁ ရက် ၊ ည ၉ နာရီဝန်းကျင်က သုံးဘီးဆိုင်ကယ်တွေနဲ့ ဆိုင်ကယ်တွေကို ကားတစီးက ဝင်ရောက်တိုက်မိတာကြောင့် သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်လို့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင် ပရဟိတသမား တယောက်က

” မော်လမြိုင်ဘက်ကို ဦးတည်မောင်းလာတဲ့ ပရိုဘောက် ကားတစ်စီးက အရှိန်မထိန်းနိုင်ပဲ သုံးဘီးဆိုင်ကယ် တစီးနဲ့ ဆိုင်ကယ်တစီးကို တိုက်မိတယ် ၊ အဲ့ဒီ တိုက်ခံရတဲ့ ဆိုင်ကယ်တွေပေါ်မှာ ဇာတ်ပွဲသွားကြည့်ဖို့ သွားတဲ့ လူကြီး ခြောက်ေယာက်နဲ့ ကလေးခြောက်ယောက် ပေါင်း ၁၂ ယောက်ပါတယ် ၊ အဲ့ဒီ ၁၂ ယောက်စလုံး ထိခိုက်ဒဏ်ရာရတယ် ၊ အဲ့ဒီထဲက အမျိုးသမီး တယောက်ဟာ မော်လမြိုင်ဆေးရုံ ပြင်ပအရေးပေါ် လူနာဌာန (OPD) ရောက်မှ ဆုံးသွားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အခင်းဖြစ်နေရာမှာ ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နဲ့ မော်လမြိုင်မြို့မှာရှိတဲ့ အခြား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက လူနာတင်ယာဉ် ၅ စီးနဲ့ မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

မော်လမြိုင်မှာ အခုနှစ် ဇန်နဝါရီလ ၊ ရက်ပေါင်း ၂၀ အတွင်း ယာဥ်မတော်တဆမှု ၁၈ ကြိမ်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ၃၀ ကျော်ရှိတယ်လို့ အရေးပေါ်လူနာဌာနဆီက သိရပါတယ် ။

ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာ မန္တလေး – ရန်ကုန် အမြန်လမ်း ၊ မိတ္ထိလာ – တောင်ကြီးကားလမ်းနဲ့ ရန်ကုန်မြို့တွင်းက နေရာတော်တော်များများမှာ ယာဥ်မတော်တဆမှုတွေ ဖြစ်ပွားတဲ့အပြင် အထူးသဖြင့် သုံးဆင့်တိုက် ၊ လေးဆင့်တိုက် ယာဥ်တိုက်မှု ဖြစ်စဥ်တွေ ပါဝင်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ Bo Bo Win Rescue

 

Related posts

Leave a Comment

VOM News

FREE
VIEW