မိုဘိုင်းငွေပေးချေမှုမှ ငွေကြေးလိမ်လည်မှုတွေကို ထိရောက်စွာ ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ စီမံ/ဘဏ္ဍာဝန်ကြီး ပြော

ဇန်နဝါရီ ၂၃ – ၂၀၂၄
KT + SN (VOM)

မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းတွေကနေ ငွေကြေးလိမ်လည်မှု မှုခင်းတွေကို ဖြေရှင်းဆောင်ရွက်ရာမှာ Anti- Scam Center (လိမ်လည်မှုတိုက်ဖျက်ရေး(စင်တာ) တွေ ဖွင့်လှစ်နိုင်မှု မရှိသေးတဲ့အတွက် ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၂၂ ရက်က နေပြည်တော်ရှိ ဟေလ်တန်ဟိုတယ်မှာ ပြုလုပ်တဲ့ “မိုဘိုင်းပေးချေမှု လမ်းကြောင်းများမှတဆင့် ငွေကြေးလိမ်လည်မှု တားဆီးရေး” အသိပညာပေး ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး လက်ရှိမှာ ဆိုက်ဘာမှုခင်းတွေနဲ့ ပတ်သက်လို့ လက်ရှိမှာ ရာဇသတ်ကြီးဥပဒေ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (၂ဝဝ၄) နဲ့ ဆက်သွယ်ရေးဥပဒေ (၂၀၁၃) တို့နဲ့သာ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

“မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းတွေက ငွေကြေးလိမ်လည်မှု ဖြေရှင်းဆောင်ရွက်ရာမှာ ဒေသတွင်းနိုင်ငံတွေနည်းတူ Anti-Scam Centre တွေ ဖွင့်လှစ်နိုင်ခြင်းမရှိသေးတဲ့အတွက် ဒီမှုခင်းတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မှု မရှိသေးတာကိုလည်း တွေ့ကြရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူတွေနဲ့ ပတ်သက်လို့ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများဆိုင်ရာ စည်းမျဉ်းနဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေတို့ကို ထုတ်ပြန်ထားရှိပြီး ဖြစ်ပါတယ်။ Payment Frauds နဲ့ ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းထားခြင်း မရှိသေးပေမယ့်လည်း အဲ့ဒီ့လို ဆိုက်ဘာမှုခင်းတွေအပေါ် ရာဇသတ်ကြီးဥပဒေ၊ အီလက်ထရောနစ်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေတို့နဲ့ အရေးယူဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ဆိုက်ဘာလုံခြုံရေးဥပဒေကိုလည်း ရေးဆွဲနေပြီး မူကြမ်းအဆင့်ကနေ အတည်ပြုနိုင်ဖို့အတွက်ကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်” လို့ ဝန်ကြီးက ပြောပါတယ်။

ခေတ်မီတိုးတက်နေတဲ့ နိုင်ငံတွေအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အွန်လိုင်းမှတဆင့် တချို့သော ဝိသမလောဘသားတွေရဲ့ ဟန် ဆောင်လိမ်ညာပြီး ငွေကြေးရယူမှုတွေရှိနေကာ အွန်လိုင်းလိမ်လည်မှုတွေဟာ မြန်မာနိုင်ငံမှာသာမက တခြားနိုင်ငံတွေမှာပါ တိုးပွားလျက်ရှိတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အွန်လိုင်းလိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ပူးပေါင်းကာ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက အသိပေး ပြောကြားထားပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW