ကန့်ဘလူမြို့နယ်မှာ ကြံခုတ်လုပ်သား ခြောက်​ယောက်ပစ်သတ်ခံရ

ဇန်နဝါရီ ၊ ၂၄ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ဇာဒီကျေးရွာနားက ကြံခင်းတွေထဲမှာ ကြံခုတ်လုပ်သား ခြောက်ယောက် မနေ့ ဇန်နဝါရီ ၂၃ ရက်က ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပရဟိတသမားတယောက်က ” မနေ့က မနက်ပိုင်း ၁၀ နာရီလောက်မှာ ၊ ဇာဒီရွာရဲ့ အရှေ့မြောက်ဘက် ကြံခင်းတွေမှာ ကြံခုတ်လုပ်သား အမျိုးသား ငါးယောက်နဲ့ အမျိုး သမီး တယောက် ပေါင်း ခြောက်ယောက် အသတ်ခံထားရတယ် ၊ အဲ့ဒီအပြင် ဒဏ်ရာရနေတဲ့ အမျိုးသားတယောက်လည်း ထပ်မံတွေ့ရတယ် ၊ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေအားလုံးဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာတွေနဲ့ဖြစ်တယ် ၊ ဘယ်အဖွဲ့က ပစ်သွားတယ်ဆိုတာ အခုထိတော့ မသိရသေးဘူး ” လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေ နဲ့ ပြည်သူ့စစ်တွေ အကြား မကြာခဏ ပစ်ခတ်မှုတွေဖြစ်ပွားပြီး နှစ်ဘက်သေဆုံးမှုတွေရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ သြဂုတ် ၃၁ ရက်၊ ညပိုင်းက ကန့်ဘလူမြို့နယ် ၊ ထန်းကုန်းတိုက်နယ်နဲ့ ဇီးကုန်းတိုက်နယ်ထဲမှာ မနေ့ ဒေသခံ အရပ်သား လူ ၆ ယောက်ဟာ သူတို့ရဲ့နေအိမ်တွေမှာ အိပ်ပျော်နေကြတုန်း သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီ အပြင် ကန့်ဘလူမြို့ခံ တယောက်ကလည်း ” ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက် ညကလည်း ဇီးကုန်းတိုက်နယ် ၊ ငါးမြောင်ကျေးရွာမှာ အိပ်ပျော်နေတဲ့ မိသားစု အသတ်ခံရလို့ ၅ လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့သေးတယ် ၊ ဒါ့အပြင် ကန့်ဘလူမြို့ ၊ အမှတ် ၂ ရပ်ကွက် ၊ ဘိုးဘွားရိပ်အရှေ့ဘက် ၊ ကန့်ဘလူ – ကျွန်းလှ မြို့ထွက်လမ်းနားမှာရှိတဲ့ လူနေအိမ်တခုမှာ ပြီးခဲ့တဲ့ သြဂုတ် ၁၃ ရက် မနက်ပိုင်းက မိသားစုလိုက် အသတ်ခံထားရတဲ့ ၅ လောင်းပြိုင်လူသတ်မှု တခုဖြစ်ပွားခဲ့တယ်လို့ ” ပြောပါတယ်။

အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ မှာ ကန့်ဘလူမြို့နယ်အတွင်း ၅ လောင်းပြိုင် လူသတ်မှု ၂ ကြိမ် ၊ ၆ လောင်း ပြိုင်း လူသတ်မှု တကြိမ် ၊ သုံးလောင်းပြိုင် လူသတ်မှု လေးကြိမ် ၊ နှစ်လောင်းပြိုင် လူသတ်မှု ၁၁ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #ကန့်ဘလူမြို့နယ်#ကြံခင်းလုပ်သား #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW