အမြန်လမ်းမှာ ယာဉ်တစီးတိမ်းမှောက်မှုကြောင့် သံဃာ အပါအဝင် ခုနစ်ယောက် ဒဏ်ရာရ

 

ဇန်နဝါရီ ၂၆ – ၂၀၂၄

SN (VOM)

ဒီကနေ့ ဇန်နဝါရီ ၂၆ ရက်၊ မနက် ၇ နာရီဝန်းကျင်က ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးမှာ အိမ်စီးကားတစီး ဘီးပေါက်ပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တာကြောင့် သံဃာတော်တပါး အပါအဝင် ခုနစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်ဟာ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၅/၅) နဲ့ (၃၅/၆) ကြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သံဃာတော်တပါးအပါအဝင် အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး လေးယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

“ကားက နေပြည်တော်ကနေ ရန်ကုန်ကိုလာတဲ့ကားပါ။ ဒဏ်ရာ ရတဲ့သူတွေကတော့ အသက် ၆၀ ကျော် ဘုန်းကြီးတပါးနဲ့ အသက် ၂၀ ကျော်၊ ၃၀ ကျော်ဝန်းကျင် အရွယ်တွေပါ။ ကားပေါ်မှာက ကလေးတယောက်ပဲ ပါတာပါ။ သူလည်း ဒဏ်ရာမရပါဘူး” လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲ့ဒီ့ ယာဉ်တိမ်းမှောက်မှုဖြစ်စဥ်ကို ဘောနတ်ကြီး အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် တစီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီပေးခဲ့ပြီး ဒဏ်ရာရရှိသူတွေကို 192 သူနာတင်ယာဉ်နဲ့ ပဲခူးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့ ကားပေါ်မှာ သံဃာ သုံးပါး၊ အမျိုးသား ငါးယောက်နဲ့ အမျိုးသမီး ရှစ်ယောက်၊ ကလေးငယ် (ကျား) တယောက် စုစုပေါင်း ၁၇ ယောက် လိုက်ပါလာတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်ဝန်းကျင်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၆၃/၇) နဲ့ (၆၄/၀) ကြားမှာ SCANIA အမျိုးအစား (ဖြူ/ပြာရောင်) Express ခရီးသည်ယာဉ်တစီးဟာ ယာဉ်မောင်း အိပ်ငိုက်မှုကြောင့် လမ်းလယ်ကျွန်းကို ကျော်တက်ပြီး တဖက်ယာဉ်ကြော လမ်းဘေးရှိ သစ်ပင်ကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီ့ ယာဥ်ပေါ်မှာ ယာဉ်မောင်း နှစ်ယောက်၊ ယာဉ်နောက်လိုက် နှစ်ယောက်၊ ခရီးသည် အမျိုးသား ၁၆ ယောက်၊ အမျိုးသမီး ၁၉ ယောက်၊ စုစုပေါင်း ၃၉ ယောက် လိုက်ပါလာခဲ့တာဖြစ်ပြီး ယာဉ်မတော်တဆမှုကြောင့် ယာဉ်ပေါ်ပါလာသူအားလုံး ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၁ ရက်နေ့၊ ညနေ ၅ နာရီဝန်းကျင်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၃၇/၂-၃) ဖာလုံကြားမှာ ယာဉ်မတော်တဆမှုတခု ဖြစ်ပွားခဲ့ပြီး အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြောကို ရောက်သွားတဲ့ ကားတစီး ခါးလယ်ကနေ ဖြတ်တိုက်ခံရလို့ နှစ်နှစ်အရွယ် ကလေးငယ်တယောက် အပါအဝင် လေးယောက်သေဆုံးပြီး သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

Photo: MFSD

 

Related posts

Leave a Comment

VOM News

FREE
VIEW