တောင်သာမြို့နယ်က လူငယ် ခြောက်ယောက် မြင်းခြံမြို့နယ်ထဲမှာ ပစ်သတ်ခံရ

 

ဇန်နဝါရီ ၊ ၂၈ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ကွမ်းစိုက်ကျေးရွာအုပ်စု၊ မကျီးသမျှားကျေးရွာရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ မြင်းခြံ – မကျီးသမျှား လမ်းမှာ မနေ့ ဇန်နဝါရီ ၂၇ ရက် မနက် ၁၂ နာရီဝန်းကျင်က ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်းတွေ တွေ့ရှိတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ဒေသခံ ပရဟိတသမား တယောက်က ” မနေ့ မနက်ပိုင်းက ပထမစတွေ့ရတဲ့ နေရာက မြင်းခြံ – မကျီးသမျှား လမ်းမှာ လူငယ်အမျိုးသား ငါးလောင်း ဖြစ်တယ် ၊ ဒုတိယ ထပ်တွေ့ရတဲ့ နေရာက မြင်းခြံမြို့နယ်၊ သစ်ရုံကျေးရွာ၊ မြင်းခြံ – မြို့သာ ကားလမ်း ၊ သစ်ရုံကျေးရွာအဝင် ဆိုင်းဘုတ်အနီးမှာ ဖြစ်တယ် ၊ အဲ့ဒီလူကလည်း အသက် ၃၀ ဝန်းကျင်အရွယ် ပစ်သတ်ခံထားရတာတွေ့ရတယ် ၊ မနေ့က တရက်တည်းမှာ မြင်းခြံနယ်မှာ ခြောက်လောင်းတွေ့ရတယ် ၊ အဲ့ဒီ အလောင်းတွေ့ရတဲ့ နေရာဝန်းကျင်က ရွာတွေကို စုံစမ်းမေးမြန်းကြည့်တဲ့အခါ သူတို့ရွာသားတွေ မဟုတ်သလို ၊ ဒီနယ်ဝန်းကျင်မှာလည်း တွေ့မြင်မိဖူးသူတွေ မဟုတ်လို့ ဒီမနက်အထိ အလောင်းတွေက ပိုင်ရှင်မဲ့ အလောင်းတွေဖြစ်နေတယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် တွေ့ရှိရတဲ့ ရုပ်အလောင်းတွေကို မြင်းခြံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ၊ ကနဦး သေမှုသေခင်းဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့တွေရတဲ့ ရုပ်အလောင်းကိစ္စက ဖြစ်စဥ် နှစ်ခုရှိတယ် ၊ မြင်းခြံ – မကျီးသမျှားဖြစ်စဥ် ငါးလောင်းပြိုင်နဲ့ သစ်ရုံကျေးရွာ၊ မြင်းခြံ – မြို့သာ ကားလမ်း မှာက နောက်တလောင်း တွေ့ရတာဖြစ်တယ် ၊ ဒီနေ့ခင်းပိုင်းမှာ နောက်ဆက်တွဲသိရတာက ပထမ တွေ့ရတဲ့ ငါးလောင်းပြိုင် အသတ်ခံရသူတွေနဲ့ ပတ်သက်ပြီး ပရဟိတသမား အချင်းချင်း သူ့နယ် ကိုယ့်နယ် စုံစမ်းတဲ့အခါ သေဆုံးသူ ငါးယောက်ဟာ တောင်သာမြို့နယ်က မြတ်သူ (ဘ) ဦးညွှန့်ရွှေ အသက် ၁၉ နှစ် ၊ ရဲသူအောင် (ခ) မွားတား အသက် ၂၂ နှစ် ၊ ခန့်ချော (ခ) မျိုးမင်းခိုင် ၊ ကျောင်းဆရာ ခိုင်ဝေဖြိုး ၂၅ နှစ် ၊ တင်မျိုးခိုင် ၁၈ နှစ်တို့ဖြစ်တယ် ၊ အဲ့ဒီ သေဆုံးသူတွေက တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး (PDF) တွေဖြစ်တယ်လို့ ကနဦးသိရတယ် ၊ နောက်ပြီးသစ်ရုံရွာနားက အလောင်းတော့ စုံစမ်းဆဲဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒီအပြင် မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်၊ တောပုကျေးရွာနဲ့ ဆင်းဂွတ်ကျေးရွာကြား၊ မြင်းခြံ-ဆီမီးခုံကားလမ်းမှာ ပြီးခဲ့တဲ့ ဇန္နဝါရီ ၂၂ ရက် ၊ညနေပိုင်းက မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဆီမီးခုံ ရဲစခန်းကို ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ အရပ်သား တယောက်ယောက် ၊ လမ်းမှာ ပစ်သတ်ခံရပြီး သူတို့ကိုင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ မြင်းခြံခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၃ ရက် မနက် ၁၀ နာရီဝန်းကျင်က မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ကျောက်ကုန်းကျေးရွာမှာ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ နဲ့ NLD ပါတီဝင်တွေကို ဒလန်ဆိုပြီး ပစ်သတ်ခံရလို့ သုံးဦး သေဆုံးခဲ့ပါသေးတယ်။

 

Related posts

Leave a Comment

VOM News

FREE
VIEW