မန္တလေး – မုံရွာ အဝေးပြေးကားလမ်းမကြီး ပိတ်ထားပြန်

 

ဇန်နဝါရီ ၊ ၂၉ ၊ ၂၀၂၄

SP ( VOM)

မန္တလေးကနေ မုံရွာအထိ ၈၄ မိုင် ရှည်လျားတဲ့ မန္တလေး – မုံရွာ အဝေးပြေးကားလမ်းမကြီးက ချောင်းဦးမုံရွာ လမ်းပိုင်းကို မနေ့ ဇန်နဝါရီ ၂၈ ၊ ညနေပိုင်းကစလို့ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဆိုတဲ့ နာမည်နဲ့ လမ်းပိတ်တားမြစ်အမိန့်ကို ထုတ်ပြန်ထားတာ လူမှုကွန်ယက်စာမျက်နှာတွေမှာ တွေ့ရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကားသမားတယောက်က

” မုံရွာ – မန္တလေး ကားလမ်းပိုင်းဆိုတာ မကွေးတိုင်း ပခုက္ကူခရိုင် ၊ ချင်းပြည်နယ် ၊ ချင်းတွင်းမြစ် အထက်ပိုင်းက မြို့တွေအထိ ကုန်စည်သယ်ယူပို့ဆောင်ရတာဖြစ်တယ် ၊ အဲ့ဒီကားလမ်းကို အမှီပြုပြီး မိသားစု စားဝတ်နေရေးအတွက် လုပ်ကိုင်နေရတဲ့ ကားသမား တထောင်ကျော်ရှိတယ် ၊ အရင်ကလည်း အခုလို လမ်းပိတ်အမိန့်တွေ မကြာ မကြာ ထုတ်ခံရတာရှိတယ် ၊ မုံရွာနဲ့ ချောင်းဦးမြို့ကြားမှာ နစက. လုံခြုံရေးဂိတ် ၉ ခုထက်မနည်းရှိတယ် ၊ နောက်ပြီး ချောင်းဦးနဲ့ မြင်းမူမြို့အကြားမှာ ဒေသတွင်း လက်နက်ကိုင်အဖွဲ့ (PDF)တွေ ဖွင့်ထားတဲ့ မိုဘိုင်းဂိတ် ၁၃ ဂိတ်ရှိတယ် ၊ အဲ့ဒီအပြင် နစက လုံခြုံရေးဂိတ်က ၇ ခုထက်မနည်း ရှိတယ် ၊ တဂိတ်နဲ့ တဂိတ်ဆိုရင် သိပ်မဝေးလှဘူး ၊ အဲ့ဒီဂိတ်အားလုံးက လာသမျှကားအားလုံး တားဆီးစစ်ဆေးတာတွေရှိတယ် ၊ အရင်က မန္တလေး – မုံရွာကားလမ်းဟာ ပုံမှန်ပြေးဆွဲချိန် ၁ နာရီခွဲဝန်းကျင်ရှိပေမယ့် အခုဆိုရင် လမ်းဂိတ်စစ်ဆေးတာကြောင့် အနည်းဆုံး ၃ နာရီလောက်ကြာတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မန္တလေး – မုံရွာ နေ့စဥ်သွားလာနေရတဲ့ ကုန်စိမ်းလုပ်ငန်းရှင်တယောက်က

” လမ်းဂိတ်အားလုံး နီးပါး ပိုက်ဆံပေးရတယ် ၊ အနည်းဆုံး တဂိတ်ကို တထောင်နူန်းပေးရတယ် ၊ အသွားအပြန် ဂိတ်ကြေး သုံးသောင်းအထက်မှာ ပုံမှန်ပေးရတယ် ၊ အဲ့ဒီလို လမ်းဂိတ်တွေများတာကြောင့် ကားသမားတွေက ကုန်တန်ဆာခ ပိုတောင်းတယ် ၊ နောက်ပြီး ဂိတ်တွေက ကားသမားတွေအပြင် ကုန်သည်နဲ့ ခရီးသည်တွေဆီကနေလည်း တောင်းပြန်တယ် ၊ အဲ့ကြောင့် မုံရွာ – မန္တလေး ကုန်စည်သယ်ယူရင် အပိုစောင်း ထွက်ငွေ တခေါက်ကို တသိန်းလောက်ကုန်တယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့မှာ ခရီးသည်ကားအသင်း တရာကျော် ၊ နေ့စဥ် ယာဥ်အစီးရေ သုံးရာနဲ့ ကုန်စည်ပို့ဆောင်ရေး ကားအသင်း နှစ်ရာနီးပါးရှိတဲ့အနက်က ကားအစီးရေး ငါးရာကျော် ဟာ မုံရွာ မန္တလေးကားမှာ ပြေးဆွဲနေကြတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် မန္တလေး မုံရွာ ကားလမ်းမှာ နေ့စဥ် အနည်းဆုံး ယာဥ်အသွားအလာ အစီးရေ တထောင်ကျော်ရှိတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

မနေ့ကစပြီး အဲ့ဒီ မန္တလေး မုံရွာကားလမ်းကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေက လမ်းပိတ်မိန့် ထုတ်ပြန်ထားတာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရုံးနဲ့ နီးစပ်သူတယောက်က

” အစိုးရအဖွဲ့က လမ်းပိတ်မိန့် ထုတ်ပြန်ထားတာမရှိဘူး ၊ ကုန်စည်စီးဆင်းရေး လျင်မြန်ဖို့အတွက် ကူညီပေးနေတာတွေရှိတယ် ” လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ကလေး ဂန့်ဂေါလမ်းပိုင်း ၊ မုံရွာ ယာကြီး ကလေးဝ လမ်းပိုင်းနဲ့ ပင်လည်ဘူး ဖောင်းပြင် ဟုမ္မလင်း လမ်းပိုင်းတွေဟာ ပြီးခဲ့တဲ့ နှစ် နှစ်ကျော်စလို့ အခုထိ ပိတ်ခံထားရဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာကနေ ၂၀၂၃ ဒီဇင်ဘာအထိ မန္တလေး မုံရွာ ကားလမ်းမှာ ကားနဲ့ လမ်းသွားလမ်းလာတွေ မိုင်းထိမှန်လို့ သေဆုံးရသူ ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိသူ သုံးရာဝန်းကျင်ရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW