မြင်းခြံ – နဘူးအိုင် ကားလမ်းမှာ အမျိုးသမီး လေးလောင်ပြိုင် လူသတ်မှုဖြစ်

ဇန်နဝါရီ ၊ ၃၀ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ မြင်းခြံ – နဘူးအိုင် ကားလမ်းမှာ မနေ့ ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းက စွန့်ပစ်ထားတဲ့ အမျိုးသမီး ရုပ်အလောင်း လေးလောင်းတွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပရဟိတသမားတယောက်က ” မနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်က တွေ့ရတာဖြစ်တယ် ၊ သေဆုံးသူတွေက တူရွင်းဘို့ ကျေးရွာက ဒေါ်ညွန့်မေ ၆၀ နှစ် ၊ ဒေါ်ခင်ဆွေဝင်း (၄၃)နှစ် ၊ မဇင်မာတင် (၂၈)နှစ် ၊ မအိမေဂျာ (၂၅) နှစ် ဖြစ်တယ် ၊ ကနဦးသိရတာက အဲ့ဒီအမျိုးသမီး လေးယောက်ကို လက်နက်ကိုင်အဖွဲ့ (အဖွဲ့အမည် စုံစမ်းဆဲ) တဖွဲ့က ၂၈ ရက်ည ၁၁ နာရီဝန်းကျင်မှာ သူတို့ရဲ့နေအိမ်တွေကို ကျော်နင်းဝင်ရောက်လာပြီးနောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်တယ် ၊ နောက်တနေ့ မနက်မှာ အဲ့ဒီ လေးယောက်ရဲ့ အလောင်းကိုပြန်တွေ့ရတာ ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြင်းခြံခရိုင် လုံခြုံရေးအဖွဲ့ဆီ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ်မရသေးပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်က မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ကွမ်းစိုက်ကျေးရွာအုပ်စု၊ မကျီးသမျှားကျေးရွာရဲ့ မြောက်ဘက် ၂ မိုင်ခန့်အကွာ၊ မြင်းခြံ – မကျီးသမျှား လမ်းမှာ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ငါးလောင်းနဲ့ သစ်ရုံကျေးရွာအနီး၊ မြင်းခြံ – မြို့သာ ကားလမ်း မှာက နောက်တလောင်း တွေ့ရတာဖြစ်ပြီး သေဆုံးသူတွေဟာ အမျိုးသားတွေ ဖြစ်တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီအပြင် မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ်၊ တောပုကျေးရွာနဲ့ ဆင်းဂွတ်ကျေးရွာကြား၊ မြင်းခြံ-ဆီမီးခုံကားလမ်းမှာ ပြီးခဲ့တဲ့ ဇန္နဝါရီ ၂၂ ရက် ၊ညနေပိုင်းက မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဆီမီးခုံ ရဲစခန်းကို ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ အရပ်သား တယောက်ယောက် ၊ လမ်းမှာ ပစ်သတ်ခံရပြီး သူတို့ကိုင်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ မြင်းခြံခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းကလည်း မြင်းခြံမြို့နယ် ၊ သက္ကယ်ကျင်းကျေးရွာအဝင် ၊ မြို့သာ – နဘူးအိုင် – မြင်းခြံ ကားလမ်းပေါ်မှာ လေးလောင်းပြိုင်လူသတ်မှုဖြစ်ခဲ့ပါသေးတယ်။

အဲ့ဒီ သေဆုံးသူတွေဟာ ငါန်းဇွန်မြို့နယ် ၊ မင်းနေကုန်း ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲသုံးယောက်နဲ့ အရပ်သားတယောက်ဖြစ်ပြီး ၊ သူတို့ဟာ စခန်းအတွက် လက်နက်မဲ့ စျေးဝယ်ထွက်သွားရင်းကနေ ပစ်သတ်ခံရတာလို့ သိရပါတယ်။

အဲ့ဒါကြောင့် ဒီရက်ပိုင်းအတွင်း မြင်းခြံမြို့နယ်ထဲမှာ လေးလောင်းပြိုင် လူသတ်မှု နှစ်ကြိမ် နဲ့ ၊ ခြောက်လောင်းပြိုင် လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားပြီး သေဆုံရသူ ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၁၃ ရက် မနက် ၁၀ နာရီဝန်းကျင်က မြင်းခြံခရိုင် ၊ မြင်းခြံမြို့နယ် ၊ ကျောက်ကုန်းကျေးရွာမှာ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီ နဲ့ NLD ပါတီဝင်တွေကို ဒလန်ဆိုပြီး ပစ်သတ်ခံရလို့ သုံးဦး သေဆုံးခဲ့ပါသေးတယ်။

 

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW