ဇန်နဝါရီ ၊ ၃၁ ၊ ၂၀၂၄
SP (VOM)
မန္တလေးတိုင်း ၊ ရမည်းသင်းခရိုင် ၊ ပျော်ဘွယ်မြို့နယ် ၊ တောင်ညောင်ကုန်းကျေးရွာ ၊ ပျော်ဘွယ် – နတ်မောက် ကားလမ်း၊ မိုင်တိုင်အမှတ် ၂၂ / ၃ ၊ မှာနေထိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီ အဖွဲ့ဝင်ဟောင်း တယောက် မနေ့ ဇန်နဝါရီ ၃၀ ရက် ၊ ည ၇ နာရီဝန်းကျင်က ပစ်သတ်ခံရတယ်လို့ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံ ပရဟိတသမား တယောက်က ” ပစ်သတ်ခံရသူက ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ကော်မတီဝင် ဦးတင်မိုးအောင်၊ ၅၀နှစ်၊ (ဘ) ဦးသန်းအောင် ဆိုသူဖြစ်တယ် ၊ နေအိမ်မှာရှိနေတုန်းအချိန် ဆိုင်ကယ် နှစ်စီး ၊ အမည်မသိ လူလေးယောက်က အိမ်ထဲဝင်ပြီး ပစ်သတ်သွားတယ် ၊ ပစ်သတ်ခံရတဲ့ ဦးတင်မိုးအောင် ဆိုသူဟာ ကျည်ဖောက်ဝင်ဒဏ်ရာတွေရပြီး နေရာမှာတင် သေဆုံးသွားတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် မနေ့က နေ့ခင်းပိုင်းမှာ မန္တလေး ၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှုးရုံးကို အမည်မသိ ( စုံစမ်းဆဲ) လူငယ်တယောက် ဝင်ရောက်ရောက်လာပြီးနောက် ရုံးထဲမှာ ရှိနေတဲ့ အကွက်အမှတ် (ဆ/ ၂ ) ရပ်ကွက်မှာနေထိုင်တဲ့ ရာအိမ်မှူး ဦးစည်သူဝင်း၊ ၃၀ နှစ် ၊ (ဘ) ဦးစိန်ဝင်း ဆိုသူကို သေနတ်နဲ့ သုံးချက် ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီ အပြင် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ၊ နဘဲကန် ကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ရှိန် (၆၅)နှစ် ဆိုသူလည်း သူရဲ့ နေအိမ်ကနေ ရွာဘုန်းကြီးကျောင်းကို အသွားလမ်းမှာ အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ကယ်နဲ့ လိုက်လာပြီး ပစ်သတ်သွားတယ်လို့ သိရပါတယ်။
အဲ့ဒီ လူသတ်မှုဖြစ်စဥ်တွေ ပတ်သက်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတယောက်က ” ဒီရက်ပိုင်းအတွင်း လူသတ်မှုဖြစ်စဥ် ၂၀ ဝန်းကျင်ရှိတယ် ၊ အဲ့ဒီထဲက ထင်းရှားတဲ့ လူသတ်မှုဖြစ်စဥ်တွေကတော့ ဝမ်းတွင်းမြို့က အမျိုးသမီး လေးလောင်ပြိုင် လူသတ်မှု အပါအဝင် မြင်းခြံနယ်က ခြောက်လောင်းပြိုင် လူသတ်မှု ၂ ကြိမ်နဲ့ လေးလောင်းပြိုင် လူသတ်မှု ၂ ကြိမ်တို့ပါဝင်တယ် ၊ အဲ့ဒီလို လူသတ်မှုတွေကြောင့် သေဆုံးရသူ ၃၀ ဝန်းကျင်ရှိတယ် ” လို့ ပြောပါတယ်။