ပုဂံမြို့က ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ ၊ သိန်း သုံးထောင်ကျော်ပါသွား

ဇန်နဝါရီ ၃၁ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်း ၊ ညောင်ဦးခရိုင် ၊ ပုဂံမြို့ဟောင်း ၊ ပုဂံစျေးအနီးမှာရှိတဲ့ ကမ္ဘောဇ ဘဏ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ပုဂံဒေသ တယောက်က ” ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရတယ်လို့ ကြားရတယ် ၊ အဲ့ဒီ ဘဏ်မှာ လုံခြုံရေးအဖွဲ့တွေ ရောက်နေပြီး စစ်ဆေးနေတယ် ၊ ကနဦး သိရတာက သိန်း သုံးထောင်လောက်ပါသွားတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ညောင်ဦးခရိုင် လုံခြုံရေး အဖွဲ့နဲ့ ပုဂံ ကမ္ဘောဇဘဏ်ခွဲဆီကို VOM က ဆက်သွယ်ခဲ့ပေမယ့် အခုထိတော့ ဆက်သွယ် မရသေးပါဘူး။

ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့ ၊ ကမ္ဘောဇဘဏ်ခွဲ ၂ အနားမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက် နေ့လယ် ၁ နာရီဝန်းကျင်က မကွေးတိုင်း ၊ နတ်မောက်မြို့ ၊ နတ်မောက် – မကွေး ကားလမ်းမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲ ဓားပြတိုက်ခံရတယ်လို့ သတင်းတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

၂၀၂၂ က ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သီပေါမြို့ပေါ်မှာရှိတဲ့ ကမ္ဘောဇဘဏ် ၊ မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ အမှတ် ၁၃၃ လမ်း နဲ့ ၁၄၄ လမ်းကြား ၊ ရန်ကုန် – မန္တလေးလမ်းဟောင်း အရှေ့ဘက်မှာရှိတဲ့ ကမ္ဘောဇဘဏ် ၊ ရန်ကုန်တိုင်း ၊ တောင်ဥက္ကလာပမြို့နယ် ၊ သံသုမာလမ်းမှာရှိတဲ့ ကမ္ဘောဇဘဏ် စတဲ့ ဘဏ်တွေမှာလည်း ဓားပြတိုက်ခံဖူးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံ တဦး

Related posts

Leave a Comment

VOM News

FREE
VIEW