YBS ကားခတွေ မြင့်တက်လာပြန်တာကြောင့် ခရီးသည်တွေ အခက်အခဲဖြစ်နေ

 

ဖေဖော်ဝါရီ ၃ – ၂၀၂၄

SN (VOM)

မြန်မာနိုင်ငံအတွင်း အထွေထွေကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေချိန်မှာ YBS ယာဥ်လိုင်းတချို့က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ စတင်ကာ ယာဥ်စီးခတွေ ထပ်မံတိုးမြှင့် ကောက်ခံလာတာကြောင့် နေ့စဥ် YBS အသုံးပြု သွားလာနေရတဲ့ ပြည်သူတွေ အနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ဗန္ဓုလသယ်ယူ ပို့ဆောင်ရေးယာဉ်လိုင်းအောက်ရှိ YBS 12, 13, 14, 25, 30, 38, 55, 117, 128 စတဲ့ ယာဉ်တွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်မှစတင်ကာ ယာဉ်စီးခကို ငွေသားနဲ့ ပေးမယ်ဆိုရင် ကျပ်ငွေ ၄၀၀ ၊ YPS Card / QR Code နဲ့ ပေးမယ်ဆိုရင် ကျပ်ငွေ ၃၀၀ စသဖြင့် တိုးမြှင့် ကောက်ခံနေပြီဖြစ်တယ်လို့ သိရပါတယ်။

အခုလို ငွေသားနဲ့ ပေးချေမှုအတွက် ငွေကျပ် ၄၀၀ ကောက်ခံမယ့် အဆိုပြုချက်ကို ရန်ကုန်တိုင်း ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရဲ့ အစည်းအဝေးမှာ ခွင့်ပြုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“အခုက ကားခ ၃၀၀/၄၀၀ ဆိုတာက အရင်က ဈေးမတက်ဘဲ ကျန်နေခဲ့တဲ့ ကားတွေ ဈေးလိုက်တက်လာတာ။ ၂၀၂၂ ခုနှစ်တုန်းကတည်းက ကားခ တရားဝင်တိုးကောက်နေတဲ့ ကားတွေရှိတယ်။ စပါယ်ယာပါလာရင်တော့ သူ့ ပါးစပ်ဈေးပေါ့။ ညဘက် အချိန်နောက်ကျရင် နောက်ကျသလို ‌ကားခတိုးကောက်တယ်။ ဒဂုံတက္ကသိုလ်က‌နေ ပေါက်တောဝအထိဆွဲတဲ့ ၁၃၇ ဆိုရင် ဟိုနားဒီနား ၃၀၀ ၊ ဝေးရင် ၅၀၀ ဖြစ်သွားရော။ လိုင်းကားခတွေက မတက်ပါဘူး၊ မတက်ပါဘူးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဘယ်လိုပဲပြောပြော နောက်ဆုံးတော့လည်း တက်လာတာပဲ။ ဓာတ်ငွေ့နဲ့ မောင်းရတာကို သူတို့က ဘာကြောင့်ဈေးတက်လဲ စဉ်းစားမရဘူး။ ဆီနဲ့မောင်းရတာလည်း မဟုတ်ဘူးလေ။ သူတို့အခုလို ဈေးတွေတက်လာတော့ နေ့တိုင်း အလုပ်သွား၊ အလုပ်ပြန်စီးနေရတဲ့သူတွေ ပိုထိခိုက်တယ်။ ပုံမှန် တဆင့်တည်း စီးရတဲ့သူတွေဆိုရင် ကားခက အသွားအပြန်ဆို ၈၀၀ ၊ တလဆိုရင် ၂၄၀၀၀ ၊ နှစ်ဆင့်၊ သုံးဆင့် စီးရတဲ့သူတွေဆို တလနဲ့တွက်ရင် ၄၈၀၀၀ ၊ ၇၂၀၀၀ ဖြစ်နေပြီ။ ကျွန်တော်ဆို အမြဲတမ်း ပုံမှန် နှစ်ဆင့်စီးရတယ်။ ဂက်စ်မရလို့ ဒါမှမဟုတ် တခြား အကြောင်းကြောင်းတွေကြောင့် ကားရှားတဲ့နေ့ဆိုရင် သုံးဆင့်ဖြစ်သွားရော။ ရတဲ့လစာက နှစ်သိန်း၊ ကားခနဲ့တင် အနည်းဆုံး တလကို ခြောက်သောင်းကျော်၊ ခုနစ်သောင်းနီးပါးလောက် သွားတာပဲ။ ခုခေတ်ကုန်ဈေးနှုန်းနဲ့ဆို လစာထဲက ကျန်တဲ့ပိုက်ဆံက ဘယ်လိုမှ သုံးလို့မလောက်ဘူး” လို့ မြောက်ဒဂုံမြို့နယ်က YBS စီးနင်းသူတယောက်က ပြောပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း YBS ယာဥ်လိုင်းတချို့ ကားအစီးရေ လျှော့ချပြေးဆွဲမှုတွေကြောင့် ကားတစီးမှာ စီးနင်းသူအများအပြား တင်ဆောင် နေပြေးဆွဲနေပြီး ညနေ ရုံးဆင်းချိန်တွေမှာလည်း YBS ယာဥ်တချို့က သတ်မှတ်နှုန်းထားထက် ပိုမို တောင်းခံမှုတွေကို YBS စီးနင်းသူတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

“ကားခတွေရော၊ ကုန်ဈေးနှုန်းတွေရော အကုန်လုံး ဈေးတက်တယ်။ မတက်တာဆိုလို့ လစာပဲရှိတယ်။ အခုလို ကြပ်တည်းနေတဲ့ အချိန်မှာ ကားခတွေ တိုးကောက်လာတော့ ဘယ်လိုလုပ် အဆင်ပြေမှာလဲ။ YBS စနစ်ကြီးက တိုးတက်လာမယ့်အစား နောက်ကိုပြန်ဆုတ်လာပြီ။ ကားခသာ ပိုလိုချင်နေကြတာ။ ဝန်ဆောင်မှုကတော့ အနုတ်လက္ခဏာပြနေပြီ။ တချို့ကားတွေဆို အဲယားကွန်းမဖွင့်တော့ဘူး။ တချို့ ကားတွေဆို ကားကြီးရော၊ ကားသေးရော ထိုင်ခုံတွေ ပေါက်ပြဲနေတယ် တချို့ကားသေးတွေဆို ပါတဲ့ထိုင်ခုံကလည်း လေးငါးလုံး၊ ကျန်တဲ့နေရာ ခရီးသည်တွေက မတ်တတ်ရပ်နဲ့။ အဲ့လို ကားသေး မပြောနဲ့ ကားကြီးတွေတောင် လူတအားကြပ်တယ်။ မတ်တပ်ရပ်ဖို့တောင် အနိုင်နိုင်။ ရုံးဆင်းချိန်ဆို ကားကလည်းရှား၊ လူကလည်း အရမ်းများနေလို့ ကားပေါက်ဝ ခြေနင်းမှာ မနည်းခက်ခက်ခဲခဲရပ်ပြီး စီးရတာလည်း နေ့တိုင်းလိုလိုပဲ။ ဘယ်လိုမှမရတော့ ကားတံခါးဖွင့်၊ တွယ်စီးနေရတဲ့သူတွေတောင် ရှိတယ်။ နေ့တိုင်း အလုပ်သွားနေရတဲ့သူတွေရဲ့ ဒုက္ခကို ကြည့်ကောင်းနေကြတာလားမသိဘူး။ ဒါတွေကို ဘယ်လိုလေး ဝန်ဆောင်မှုကောင်းအောင်၊ ဒီစနစ်ကြီး တိုးတက်အောင် ဘယ်လိုလေးလုပ်ကြမယ် ဆိုတာမျိုးတော့ မရှိဘူး။ ကားခကိုသာ ဘယ်လိုလေး တိုးကောက်လိုက်မယ်သာ ရှိတာ” လို့ သင်္ဃန်းကျွန်းမြို့နယ်က ကုမ္ပဏီဝန်ထမ်းတယောက်က ပြောပါတယ်။

၂၀၂၁ ခုနှစ် မတိုင်ခင်က ရန်ကုန်မြို့တွင်း ယာဉ်စီးခဟာ ခရီးစဉ်အစအဆုံး ၂၀၀ ကျပ်သာရှိပြီး ပိုက်ဆံပုံးအတွင်း ခရီးသည်ကိုယ်တိုင် ပိုက်ဆံထည့်ရကာ စပါယ်ယာ လိုက်ပါခွင့် မရှိပါဘူး။

၂၀၂၁ ခုနှစ်၊ ဖေဖော်‌ဝါရီလ နောက်ပိုင်းကစလို့ YBS ကားတချို့မှာ စပါယ်ယာတွေ ပြန်လည် လိုက်ပါလာတာဖြစ်ပြီး ပိုက်ဆံပုံးတွေကို တိတ်နဲ့ကပ်ပြီးပိတ်ထားကာ စပါယ်ယာ ပြောတဲ့ဈေးအတိုင်း ကားခပေးရတာဖြစ်လို့ အဲ့ဒီ့အချိန်ကတည်းက ကားခနှုန်းထားတွေက တရားမဝင် ဈေးတက်နေခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လအတွင်းမှာတော့ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (YUPT) က ခရီးစဉ် အပိုင်းအခြားအလိုက် ကားခ ၂၀၀ ကနေ ၄၀၀ ကျပ်အထိ တရားဝင် တကြိမ်တိုးမြှင့် ကောက်ခံခဲ့ပြီး အဲ့ဒီ့အချိန်တုန်းက ကားခတိုးမြှင့်ခြင်း မရှိခဲ့တဲ့ ယာဉ်လိုင်းတွေပါ လက်ရှိမှာ ကားခတွေ လိုက်ပါတိုးမြှင့် ကောက်ခံလာတာ ဖြစ်ပါတယ်။

အခုလို YBS ကားခတွေ ထပ်တိုးကောက်ခံလာတာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က “ယာဉ်စီးခတွေ တိုးမြှင့်မကောက်ဘူး။ ခင်ဗျားတို့ကလွဲနေတာ။ ကျွန်တော်တို့က QR Code တွေ၊ YPS Card တွေ သုံးစေချင်တာ။ ကျွန်တော်တို့ ကားခ ၂၀၀ ၊ ၃၀၀ ၊ ၄၀၀ ဆိုတာ အရင်ကတည်းက ကောက်ပြီးသား။ အခု တိုးမြှင့်မကောက်ဘူး။ ခင်ဗျားတို့က မှားနေတာ” လို့ ပြောပါတယ်။

YBS ယာဉ်တွေမှာ ကတ်စနစ်တွေ အသုံးပြုနိုင်သလို မိုဘိုင်းဖုန်းနဲ့ Scan ဖတ်ပြီး ငွေပေးချေနိုင်မယ့် YPS-QR Code စနစ်ကို အသုံးပြုနိုင်ပြီလို့ YRTA က ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

YPS QR Code ကို အသုံးပြုဖို့အတွက် MPyps + Application (Android Version) ကို Download ပြုလုပ်ထားဖို့ လိုအပ်တာမို့ Google Playstore နဲ့ Huawei AppGallery မှတဆင့် Download နိုင်သလို YBS (72) နဲ့ YBS (89) ယာဥ်လိုင်းတွေမှာ Download ပြုလုပ်နိုင်ဖို့ QR Code Sticker တွေကို ကပ်ပေးထားပြီးဖြစ်တာကြောင့် MPyps+ Application ကို ရယူ သုံးစွဲနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

YBS ကားစီးတိုင်း ယာဉ်စီးခအကြွေနဲ့ ပတ်သက်ပြီး အခက်အခဲမဖြစ်ရအောင် YPS Card ကို အသုံးပြုနိုင်သလို YPS QR Code ကိုလည်း အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

YPS card Services တွေနဲ့ YPS QR Code Top Up Service ဝန်ဆောင်မှုတွေကို YPS Card အရောင်းကောင်တာတွေ (KIOSK)၊ အရောင်းဝန်ထမ်းတွေ၊ G & G Convenience Store တွေ၊ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံတွေ၊ Capital အဆင်မြင့်ကုန်တိုက်တွေနဲ့ Wellington Pharmacy တွေမှာ အလွယ်တကူ ရယူနိုင်တယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် တကယ့်လက်တွေ့ မြေပြင်မှာတော့ YBS ကားတွေ စီးနင်းရာမှာ ကတ်ဖြတ်တဲ့ စက်ကိုပိတ်ထားတာ၊ စက်ပျက်နေတာတွေ မကြာခဏ ကြုံတွေ့နေရသလို QR Code စနစ် အသုံးပြုတာမှာလည်း အဆင်မပြေမှုတွေ ရှိနေတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

“သူက QR ဖတ်တဲ့ စာရွက်ကို ဘေးပြတင်းပေါက်မှန်တွေမှာ ကပ်ထားတော့ အလွယ်တကူ scan ဖတ်လို့မရဘူး။ ကားက လူဒီလောက်ကြပ်တာကို။ အမှန်ဆို ပိုက်ဆံပုံးဘေးမှာဖြစ်ဖြစ် YPS ကတ်ရဲ့စက်နားမှာဖြစ်ဖြစ် လုပ်ပေးထားရမှာလေ။ ခုက ကားကကြပ်သိပ်နေတာကို ဘယ်လို scan ဖြတ်ရမလဲ။ ပြီးတော့ အဲ့ software ထဲကနေ ကတ်ကို ပိုက်ဆံစစ်တာတောင် တခါဝင်ပြီး နောက်ထပ်ပြန်ပြန်ဝင်ရလို့ အဆင်မပြေဘူး” လို့ တောင်ဥက္ကလာပမြို့နယ်မှ YBS စီးနင်းသူတယောက်က ပြောပါတယ်။

လက်ရှိ ရန်ကုန်တိုင်းအတွင်း YBS ခရီးသယ်တင်ယာဉ်လိုင်းပေါင်း ၁၁၈ လိုင်းပြေးဆွဲပေးနေပြီး နေ့စဉ် ယာဉ်အစီးရေ ၃၄၀၀ ကျော်နဲ့ ခရီးသည် ၁၄ သိန်းဝန်းကျင်ကို နေ့စဉ် ဝန်ဆောင်မှုပေးနေတယ်လို့ YRTA က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

Photo :Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW