KIA နဲ့ PDF အဖွဲ့တွေက သုံးလကျော် ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို နစကတပ်က ပြန်လည်ထိုးစစ်ဆင်လို့ ကျေးရွာ ၃၀ ကျော် တိမ်းရှောင်နေရ

ဖေဖော်ဝါရီ ၊ ၆ ၊ ၂၀၂၄
SP (VOM)

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၇ ရက်ကစလို့ KIA နဲ့ PDF လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်း ကောလင်းခရိုင် ကောလင်းမြို့နယ်မှာ ဒီမနက်ပိုင်းကစလို့ ထိတွေ့တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး ကျေးရွာပေါင်း ၃၀ ကျော်က ဒေသခံ အရပ်သားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ယာယီတိုက်ပွဲရှောင် ပြည်သူတွေဆီက သိရပါတယ်။

ကောလင်းမြို့နယ် ရဲ့ ဒီကနေ့ အခြေအနေနဲ့ ပတ်သက်လို့ ယာယီတိုက်ပွဲရှောင် တယောက်က
” ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် ၊ ညပိုင်းကစလို့ ကောလင်းမြို့ခံတွေ ထွက်ခွာပေးဖို့ ကြေညာတယ် ၊ အဲ့ဒီ ကြေညာချက်ကြောင့် မြို့ပေါ်က လက်ကျန် ပြည်သူတွေ ထွက်ပြေးကြတယ် ၊ နောက်ပြီး ကောလင်းမြို့နယ်ထဲက ကျောက်ပြင်သာ ၊ ညောင်ပင်သာ ၊ မင်းကုန်း ၊ ဆီဆုံ ၊ မင်းချမ်း အစရှိတဲ့ ရွာပေါင်း ၃၀ ကျော်က လူတွေလည်း ပြေးရတယ် ၊ ပြီးခဲ့တဲ့ လေးရက်ကစပြီး ကန့်ဘလူ ၊ ကျွန်းလှ နယ်စပ်ဘက်ကနေ နစက စစ်ကြောင်းတွေ စတင်ဝင်ရောက်လာတယ် ၊ ဒီမနက်တော့ ကောလင်းနယ်ထဲက အင်းဗုဒ်ကုန်းနဲ့ ပေကုန်းရွာတွေဘက်မှာ တိုက်ပွဲဖြစ်နေတယ် ၊ ကောလင်းမြို့ထဲမှာတော့ တိုက်ပွဲပြင်ထားတာတွေရှိတယ် ၊ အခုထိတော့ တိုက်ပွဲဖြစ်သံ မကြားရသေးဘူး ၊ နောက်ပြီး ကန့်ဘလူ ၊ ကျွန်းလှနယ်ဘက်က ဝင်လာတဲ့ နစက စစ်ကြောင်းက မြို့ပေါ်ကို ရောက်မလာသေးဘူး ၊ ဒါပေမယ့် ကောလင်းမြို့ရဲ့ မြောက်ဘက် ဝန်းသိုမြို့နယ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ မကြာ မကြာ ပစ်ခံရတာမျိုးတော့ ရှိတယ် ” လို့ ပြောပါတယ်။

ကောလင်းမြို့ဟာ ခရိုင်မြို့ဖြစ်ပြီး လူဦးရေ တသိန်းခွဲကျော် နေထိုင်တဲ့အနက် ပြီးခဲ့တဲ့ ၂၀၂၂ မှာ မြို့နေ လူဦးရေးရဲ့ သုံးပုံ ၊ တပုံကျော်ဟာ နေရပ်စွန့်ခွာသွားကြပြီး ၊ ကျန်ရှိနေခဲ့တဲ့ မြို့ပေါ်က လူတွေလည်း ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကစလို့ ဒီကနေ့အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေတာကြောင့် ၊ ကောလင်းမြို့ပေါ်မှာ လက်ရှိ လူဦးရေ နှစ်သောင်း ဝန်းကျင်လောက်ပဲ ကျန်နေတာလို့ သိရပါတယ်။

ဒေသခံတယောက်က ” ကောလင်းမြို့ပေါ်မှာ ဆေးရုံ ၁ ရုံ ၊ အထက်တန်းကျောင်း ၃ ကျောင်း ၊ အလယ်တန်းကျောင်း ၁ ကျောင်း ၊ စျေး ၂ စျေးရှိတယ် ၊ စာသင်ကျောင်းတွေ အားလုံးပိတ်ထားတယ် ၊ တမြို့နယ်လုံးမှာ ကျောင်းပိတ်ထားတာဖြစ်တယ် ၊ ငွေကြေးတတ်နိုင်တဲ့ အသိုင်းအဝိုင်းက နေရပ်စွန့်ခွာပြီး စစ်ကိုင်းမြို့မှာ ခိုလှုံတာများတယ် ၊ အဲ့ဒီမှာ ကျောင်းဆက်တက်လို့ရတယ် ၊ စစ်ကိုင်းမှာရှိတဲ့ နိုင်ငံတကာ ဗုဒ္ဓဘာသာ ပညာရေး စင်တာ (IBEC) ကျောင်းက ယာယီတိုက်ပွဲရှောင် ကျောင်းသားတွေ ဆက်တက်ခွင့်ရအောင် လုပ်ပေးတယ် ၊ အဲ့ဒါကြောင့် ကောလင်း ၊ ထီးချိုင့် ၊ ဝန်းသို ၊ ပင်လည်ဘူး ၊ ဗန်းမောက် ၊ အင်းတော်စတဲ့ ဒေသဘက်က လူတွေအများစုက စစ်ကိုင်းမှာ ခိုလှုံနေတာဖြစ်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကစလို့ ကောလင်းမြို့နယ် အရှေ့ဘက် ရွှေဘို – မြစ်ကြီးနား လမ်းမှာရှိတဲ့ ကျောက်တန်းရွာဘက်ကနေ နစက စစ်ကြောင်းတွေ ကောလင်းမြို့နယ်ကို ဝင်ရောက်လာတယ်လို့ ကောဠဟလ သတင်းတွေ ဖြစ်ပေါ်နေပြီးနောက် ကောလင်းမြို့ရဲ့ အရပ် လေးမျက်နှာကနေ နစက စစ်ကြောင်းတွေ ထပ်မံဝင်ရောက်လာနေတယ်ဆိုပြီး အတည်မပြုနိုင်တဲ့ သတင်းတွေကြောင့် ဒေသခံ အရပ်သား သုံးသောင်းကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW