ကောလင်းနဲ့ ဟုမ္မလင်းနယ်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ကောလင်းနယ်က တိုက်ပွဲရှောင်တွေ ဝမ်းရောဂါဖြစ်နေ

 

ဖေဖော်ဝါရီ ၊ ၁၇ ၊ ၂၀၂၄

SP (VOM)

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာရှိတဲ့ ကောလင်းမြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်တွေဘက်မှာ နစက လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ထိုးစစ်ဆင်လာတာကြောင့် ဒီကနေ့အထိ ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ကောလင်းမြို့နယ် ဒေသခံ တယောက်က ” ကောလင်းမြို့ပေါ် နေရာတချို့နဲ့ မင်းတဲရွာဘက်အခြမ်းမှာ ထိတွေ့တိုက်ပွဲတွေ မနေ့ညကထိ ဖြစ်နေတယ် ၊ အဲ့ဒီ တိုက်ပွဲမှာ အဆောက်ဦး တချို့ ပျက်စီးတယ် ၊ နှစ်ဘက်စလုံး ထိခိုက်သေဆုံးတာတွေရှိတယ် ၊ အရေအတွက်တော့ မသိရသေးဘူး ၊ ​ကောလင်းတနယ်လုံးမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကစလို့ နီးစပ်ရာ တောတောင်တွေထဲမှာ တိုက်ပွဲရှောင်နေရတယ် ၊ အခုဆိုရင် တိုက်ပွဲရှောင်ရက်က လဝက်ကျော်လာပြီဖြစ်တယ် ၊ ကောလင်းတနယ်လုံးပေါင်း တိုက်ပွဲရှောင် ဒေသခံ အရပ်သား သုံးသောင်းဝန်းကျင်ရှိတယ် ၊ အဲ့ဒီလူတွေက နီးစပ်ရာမှာတွေ့ရတဲ့ ရေတွေကိုသောက်သုံးရတာ ရက်ကြာလာတော့ ဝမ်းရောဂါတွေ ဖြစ်လာနေတယ် ၊ နောက်ပြီး ရာသီဥတု ပြောင်းလဲလာတော့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ နောက်တက်တွဲဖြစ်လာတယ် ၊ စဖြစ်တုန်းက လူနာ ဆယ်ဂဏန်းလောက်ပဲရှိတယ် ၊ ကူးစက်မှုတွေ မြန်ဆန်လာပြီး အခုဆိုရင် ဝမ်းရောဂါ လူနာ ရာဂဏန်းကျော်လာပြီ ၊ နောက်ပြီး ဝမ်းရောဂါကို ထိန်းချုပ်ဖို့ ကောလင်းနယ်မှာ ဆေးနဲ့ ဆေးပစ္စည်းတွေ အလုံအလောက်မရှိဘူး ၊ နောက်ပြီး ကောလင်းမြို့ပေါ်က ဆေးဆိုင်တွေအားလုံးနီးပါးက ပြီးခဲ့တဲ့ လေးငါးလလောက်က စလို့ ပိတ်ထားကြတယ် ၊ ကောလင်းနယ်ထဲမှာ ဆေးနဲ့ ဆေးပစ္စည်းတွေ သယ်ယူယင် လမ်းဂိတ်တွေက ကန့်သတ်တယ် ၊ ဘယ်ကုန်သည်မှ ဆေးနဲ့ ဆေးပစ္စည်း မသယ်ယူရဲကြဘူး ၊ အဲ့ဒီ အပြင် ကောလင်းတနယ်လုံး ကျေးလက်ဆေခန်းတွေနဲ့ တိုက်နယ်ဆေးရုံတွေအကုန်လုံးပိတ်ထားတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် ကောလင်းမြို့နယ်က ကျန်းမာရေး ဝန်ထမ်းဟောင်းတယောက်က .” တိုက်ပွဲရှောင် နေရာတချို့မှာ ဒီရက်ပိုင်းအတွင်း ဝမ်းရောဂါတွေဖြစ်လာနေတယ် ၊ သောက်သုံရေ မသန့်ရှင်းတာလည်းပါဝင်တယ် ၊ ရာသီပြောင်းလဲလည်း ပါတယ်၊ အဓိကတော့ တိုက်ပွဲရှောင်တွေထဲမှာ မူးယစ်ဆေးစွဲ လူနာတချို့ပါလာတယ် ၊ သူတို့က တိုက်ပွဲရှောင်ရတဲ့ ရက်ကြာလာတာနဲ့အမျှ သူတို့ သုံးစွဲနေကြ ဆေးဝါးတွေ ပြတ်လပ်ကုန်တယ် ၊ အဲ့ဒီ နောက်ဆက်တွဲ ဆိုးကျိုးက ဘိန်းဝမ်းတွေသွားကြတယ် ၊ သူတို့ကို ကုသပေးနိုင်ဖို့ ဆေးဝါး အခက်အခဲရှိတယ် ၊ ပြီးခဲ့တဲ့ ဆယ်ရက်အတွင်း အဲ့ဒိလို လူနာတွေ ခုနှစ်ယောက် ၊ ရှစ်ယောက်သေတယ် ၊ သူတို့ဆီက ဝမ်းရောဂါ စတယ်လို့လည်း ဆိုနိုင်တယ် ၊ အခုဖြစ်ပေါ်နေတဲ့ ဝမ်းရောဂါကို ထိန်းချုပ်နိုင်ဖို့ဆိုရင် အခုလို လူစု လူဝေးနဲ့ ရက်အကြာကြီး မနေသင့်ဘူး ၊ သောက်သုံးရေကို ကျိုချက်ပြီး သုံးစွဲပေမယ့် ကောလင်းတနယ်လုံက ချောင်းမြောင်း ရေတွင်အပြင် စိမ့်စမ်းရေမှန်သမျှက အာဆင်းနိတ် ဓာတ်ပေါင်းတွေ ပါဝင်နေတယ် ၊ အဲ့ဒါကြောင့် ချောင်းမြောင်း စိမ့်စမ်းရေတွေကို အဓိက သောက်သုံးရေအဖြစ် ရှည်ကြာ မသုံးသင့်ဘူး ၊ အခုချိန်မှာ ဘုံအိမ်သာတွေ မသုံးသင့်ဘူး ” လို့ ပြောပါတယ်။

အဲ့ဒီ အပြင် ဟုမ္မလင်းမြိုနယ် ဒေသခံ တယောက်က ” ဒီရက်ပိုင်းမှာ ဟုမ္မလင်းနယ် တောင်ဘက်ခြမ်း ဖောင်ပြင်နယ်နဲ့ တုံဟဲ – တမူလမ်းဘက်တွေမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေ ထိုးစစ်ဆင်လာပြီး တိုက်ပွဲတွေဖြစ်တယ် ၊ မနေ့က ညနေပိုင်း ၅ နာရီလောက်မှာ ဇီးပင်သာရွာနား တိုက်ပွဲဖြစ်တယ် ၊ ကနဦး သိရတာက ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့က လူလေးယောက် ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေပါသွားတယ်လို့ သိရတယ် ၊ နစက လုံခြုံရေးဘက်ကတော့ အခုထိ မသိရသေးဘူး ” လို့ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဟုမ္မလင်း ဇီးပင်သာရွာဘက်မှာ မနေ့က ညနေပိုင်းမှာ ထိတွေ့မှုဖြစ်တယ် ၊ အလောင်း လေးလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ၊ နောက်ပြီး ကောလင်းနယ်မှာလည်း ထိတွေ့မှုတွေရှိတယ် ၊ တိုက်ပွဲဖြစ်စဥ် အခြေအနေ မသိရသေးဘူး ၊ ကောလင်းနယ်မှာ တိုက်ပွဲရှောင်တချို့ ဝမ်းရောဂါတွေဖြစ်တယ်လို့ ကြားရတယ် ၊ အဲ့ဒါကြောင့် ကောလင်းမြို့မှာ ဆေးဝါးလိုအပ်ချက်တွေ ဖြည့်ထားပေးတယ် ” လို့ ပြောပါတယ်။

၂၀၁၄ လူဦးရေးစာရင်းအရ ကောလင်းမြို့နယ်မှာ လူဦးရေ တသိန်းခွဲနီးပါးရှိခဲ့ပြီး အဲ့ဒီ စာရင်းထဲမှာ အမျိုးသမီးတွေက အများစု ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်ကစလို့ နီးစပ်ရာ တောတောင်တွေထဲမှာ တိုက်ပွဲရှောင် ပြေးလွှားနေရတဲ့ သူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အများစု ပါဝင်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ ကောလင်းနယ် မြင်ကွင်း (ဒေသခံတဦး)

 

Related posts

Leave a Comment

VOM News

FREE
VIEW