မုံးကိုးမြို့က စစ်ရှောင်ပြည်သူတွေကို MNDAA တပ်ဖွဲ့က အတင်းအကြပ် ရွှေ့ပြောင်းခိုင်းတာကြောင့် အခက်ကြုံ

 

ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄

Shy V (VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မုံးကိုးမြို့ နယ်စပ်မြို့က မုံးပေါ် ပြည်သူ့စစ် တွေရဲ့ ခြံဝန်းမှာခိုလှုံနေတဲ့ စစ်ရှောင်ပြည်သူတွေကို MNDAA တပ်ဖွဲ့က ရုံး ပြန်လုပ်ဖို့ ဆိုပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့က အတင်းအကြပ် ရွှေ့ပြောင်းခိုင်းတာကြောင့် အခက်ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အရင်နေခဲ့တဲ့ ရွာက ပြန်နေဖို့ အဆင်မပြေတော့ဘူး။ အဲဒါကြောင့် ရွာဘက်မပြန်ကြပဲ မြို့ အနီးနားမှာ နေရာတောင်းဝယ်ပြီး ရွာသစ်တည်လိုက်တာ။ နေအိမ်တွေက ဆောက်နေတာ မပြီးသေးဘူး။ တိုက်ပွဲ ထပ်မဖြစ်ရင်တော့ ၂၀၂၃ ဒီဇင်ဘာမှာ အပြီးဆောက်ဖို့ လုပ်နေတာ။ ၁၀၂၇ စစ်ဆင်ရေးကြောင့် တိုက်ပွဲ ပြန်ထပ်ဖြစ်လာတော့ ဆက်ဆောက်လို့ မရတော့ပဲ ခုလို ကြန့်ကြာသွားတာ။ အခုလည်းပဲ တလ ကျော်လောက်ဆိုရင် ပြီးဖို့ မျှော်မှန်းထားတာ။ MNDAA ဘက်ကို အချိန် ထပ်တောင်းတော့ မပေးဘူး။ သူတို့ ဒီလို လာမောင်းထုတ်တော့လည်း ဘယ်တတ်နိုင်မလဲ” လို့ ဒေသခံ တ‌ယောက်က ပြောပါတယ်။

စစ်‌ရှောင် မိသားစု ၁၀ စု ကျော် ရှိပြီး အဲဒီ အတင်းအကြပ် လာမောင်းထုတ်တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့ကပဲ စစ်ရှောင်တွေက သူတို့ရဲ့ အသိဆွေမျိုးတွေဆီမှာ ယာယီ ပြောင်းရွှေ့ ခိုလှုံနေကြရကာ နေအိမ်ဆက်ဆောက်ဖို့ အမိုး၊ အကာတွေ အခကခအခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

“မုံးကိုးမြို့နယ်က ကောင်းလုံ၊ နမ်ဟာ ရွာဘက်ကပါ။ စစ်ရှောင် တချို့က ရွာ အသစ်မှာ အိမ်ဆောက်ပြီးလို့ နေကြပြီ။ အစောကတည်းကတော့ ရွှေ့ခိုင်းနေတာကြားတယ်။ MNDAA ဘက်က အဲဒီ ပြည်သူ့စစ်ဝင်းမှာ သူတို့ရဲ့ ရုံးပြန်လုပ်မယ်လို့ ကြားတယ်။” လို့ နောက်ထပ် ဒေသခံ တယောက် က ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ် ညီနောင် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး မစခင် ကတည်းက မုံးကိုး မြို့နယ်မှာ စစ်တပ်နဲ့ MNDAA တို့အကြား တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး မုံးကိုးမြို့ကိုတော့ ၁၀၂၇ စစ်ဆင်ရေးကာလ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလက MNDAA နဲ့ ပူးပေါင်းအဖွဲ့က သိမ်းပိုက် ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

Photo Crd# Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW