ရွှေဘိုနယ်မှာ ပြည်သူ့စစ်မှုထမ်း ဥပဒေ ကြိုဆိုထောက်ခံပွဲမှာ ဝင်ခဲ့တဲ့ ဦးဆောင်ဆရာတော်တပါး ဖမ်းဆီးသတ်ဖြတ်ခံရ

 

ဖေဖော်ဝါရီ ၊ ၁၉ ၊ ၂၀၂၄

SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ တဂဏန်းကျေးရွာနားမှာ မနေ့ ဖေဖော်ဝါရီ ၁၈ ရက် ၊ ညနေ ပိုင်း ၄ နာရီဝန်းကျင်က ရွှေဘိုမြို့နယ် ပြည်သူ့စစ်မှုထမ်း ဥပဒေ ကြိုဆိုထောက်ခံပွဲမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဘုန်းကြီးတပါးကို အရပ်ဝတ် ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံ ပရဟိတသမား တယောက်က ” ဖမ်းဆီးသတ်ဖြတ်ခံရသူက ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ မစိုးရိမ် ( အနောက်)ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ ဆရာတော် ဥူးဝိလာသ သက်တော် ၅၅ နှစ် ၊ ဝါတော် ၃၁ ဝါ ဆိုတဲ့ ဘုန်းကြီးဖြစ်တယ် ၊ အဲ့ဒီ ဘုန်းကြီးကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက လူဝတ်လဲပြီး ဖမ်းဆီးခေါ်ဆောင်သွားဖြစ်တယ် ၊ အဲ့ဒီ ဘုန်းကြီးနဲ့အတူ ဘုန်းကြီးရဲ့ ခမည်းတော် (အဖေ) ဦးကျော်ထင်နဲ့ မယ်တော်( အမေ) ဒေါ်ခင်စိန်တို့ကိုပါ ဖမ်းဆီးသွားတာဖြစ်တယ် ၊ ဘုန်းကြီးဖြစ်သူကိုတော့ တဂဏန်းရွာထိပ်နားအရောက်မှာ ထွက်ပြေးခိုင်းပြီး ပစ်သတ်လိုက်တာဖြစ်တယ် ၊ အခုထိ အလောင်းမကောက်ရသေဘူး ၊ အဲ့ဒီ ဘုန်းကြီးက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်က လုပ်ခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ ကြိုဆိုထောက်ခံပွဲမှာ ဦးဆောင်ဆရာတော်အဖြစ် ပါဝင်ခဲ့တယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” တဂဏန်းရွာဘက်မှာ ဘုန်းကြီးတပါး အသတ်ခံရတယ်လို့ ကနဦး သိရတယ် ၊ သွားရောက်စီစစ်ဖို့ လုပ်နေတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ဆရာတော် ဖမ်းဆီးသတ်ဖြတ်ခံရတယ်ဆိုတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အခုချိန်အထိတော့ ဘယ်ဘက်ကမှ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက် ညနေပိုင်းကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ပေါ်မှာ ပြုလုပ်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေ ထောက်ခံကြိုဆိုပွဲကနေ ပါဝင်ပြီး အုတ်ဖိုရွာဘက်ကို ပြန်လာတဲ့သူ နှစ်ယောက်ကို အမည်မသိ (စုံစမ်းဆဲ) လူလေးယောက်က နောက်ကနေ ဆိုင်ကယ် နှစ်စီးနဲ့ လိုက်လာပြီး သေနတ်နဲ့ ပစ်ခတ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် ပြည်ခိုင်ဖြိုး ရပ်ကျေးကော်မတီဝင် ဦးဝင်းကို ၅၃ နှစ် (ဘ) ဦးဖိုးသန်း ဆိုသူရဲ့ ဦးခေါင်း နောက်စေ့ နေရာမှာ ကျည်ဖောက်ဝင်ပြီး နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပြီး ၊ သူနဲ့အတူပါလာတဲ့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းဌေးက ထွက်ပြေးလွတ်မြောက်သွားတယ် ဆိုတဲ့ ဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့ပါသေးတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW