အမြန်လမ်းမှာ ခရီးသည်တင်ကားကို ကုန်တင်ကားက နောက်ကဝင်တိုက်လို့ နှစ်ယောက် ပွဲချင်းပြီးသေဆုံး

 

ဖေဖော်ဝါရီ ၁၉ – ၂၀၂၄

SN (VOM)

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက်၊ မနက် ၆ နာရီ ၄၅ မိနစ်ဝန်းကျင်က ခရီးသည်တင် Express ကားကို ကုန်တင်ကားက နောက်ကဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ယောက် သေဆုံးခဲ့တယ်လို့ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

အဲ့ဒီ့ ဖြစ်စဉ်ဟာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁ မိုင် ၃ ဖာလုံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကုန်တင်ကားပေါ်က အသက် ၅၄ နှစ်နဲ့ ၄၃ နှစ်အရွယ် အမျိုးသားနှစ်ယောက် အခင်းဖြစ် နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“လမ်းဘေးမှာ Express က ဆီပြတ်ပြီးတော့ ရပ်ထားတာ၊ ခရီးသည်မပါဘူး။ အဲ့ဒီ့မှာ နေပြည်တော်ကနေ ရန်ကုန်ဘက်ကို ကုန်တွေတင်ပြီး မောင်းနှင်လာတဲ့ ခြောက်ဘီး Box ကားက အရှိန်လွန်ပြီး ဝင်တိုက်တာပါ။ တခြား ဘရိတ်ပေါက်တာတို့ဘာတို့၊ ယာဉ်မောင်း အိပ်ငိုက်တာတို့ကြောင့် မဟုတ်ပါဘူး။ အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာပါ။ သေသွားတဲ့ နှစ်ယောက်ကိုတော့ လက်ရှိမှာ လှည်းကူးဆေးရုံကို ပို့ဆောင်ထားပါတယ်” လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲ့ဒီ့ ယာဉ်တိုက်မှုကို ၁၁ မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ် တစီး၊ လှည်းကူးမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် တစီးတို့နဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပြီး သေဆုံးသူတွေကို medical လူငယ်များအသင်း သူနာတင်ယာဉ်၊ ညာတိသင်္ဂဟအသင်း သူနာတင်ယာဉ်တို့နဲ့ လှည်းကူးပြည်သူ့ဆေးရုံကို ပိုဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အမြန်လမ်းမှာ ယာဉ်မတော်တဆမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်၊ မနက် ၁ နာရီဝန်းကျင်ကလည်း ရေတာရှည်မြို့နယ်၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၅၈/၅ စမိုးစစ်ဆေးရေးဂိတ် အဝင်မှာ ယာဉ် ငါးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး သုံးယောက် သေဆုံးခဲ့ကာ ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ သစ်ဆန်း ခရီးသည်တင်ကားက အရှိန်မထိန်းနိုင်ဘဲ တိုယိုတာအဖြူရောင်ကားကို အနောက်ကဝင်တိုက်ခဲ့ပြီး ဘေးကိုဆွဲလိုက်တာကြောင့် Super Custom အဖြူရောင်နဲ့ Toyota Caldina တို့ကို ထပ်မံ ဝင်တိုက်ခဲ့ပြီးနောက် ခိုင်မန္တလာ ခရီးတင်ကားကိုပါ ဝင်တိုက်ခဲ့တာ ဖြစ်တယ်လို့ သာဂရ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

ယာဉ်ငါးစီး ဆင့်တိုက်မှုကြောင့် သစ်ဆန်း ခရီးသည်တင်ကားနဲ့ ခိုင်မန္တလာမင်းကားပေါ်က လူတွေ ထိခိုက်သေဆုံးတာ မရှိခဲ့ပေမယ့် တိုယိုတာအဖြူရောင် ကားပေါ်က ကိုအောင်မင်းခန့်နဲ့ ဒေါ်အေးအေးဋ္ဌေး၊ Super Custom ကားပေါ်က ယာဉ်မောင်း ကိုဇေယျာလင်းတို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိတာတွေကတော့ တိုယိုတာ အဖြူရောင်ကားပေါ်က အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး နှစ်ယောက်၊ Super Custom ပေါ်က အမျိုးသား တယောက်နဲ့ အမျိုးသမီး နှစ်ယောက်၊ Toyota Caldina ပေါ်က အမျိုးသား နှစ်ယောက်နဲ့ အမျိုးသမီး တယောက်၊ စုစုပေါင်း ၁၀ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့ဖြစ်စဉ်မှာ ယာဉ် လေးစီးကို တိုက်ခဲ့ပြီးနောက် ထွက်ပြေးသွားတဲ့ သစ်ဆန်း ခရီးသည်တင်ယာဉ်က ယာဉ်မောင်း ကိုအာကာထက်ကို ပုဒ်မ ၃၀၄ (က)၊ ၃၃၈၊ ၃၃၇၊ ၂၇၉၊ ၂၀၂ တို့နဲ့ အမှုဖွင့်ထားပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရသလို ယာဉ်တိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကတော့ ကျပ် ၁၇၅ သိန်း ရှိတယ်လို့ အမြန်လမ်းရဲစခန်းဆီက သိရပါတယ်။

အဲ့ဒီ့လိုပဲ ဖေဖော်ဝါရီ ၉ ရက်၊ နေ့လယ် ၂ နာရီ၊ မိနစ် ၄၀ ဝန်းကျင်ကလည်း ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၀/၄) နဲ့ (၇၀/၅) အကြားမှာ ကားတစီး မတော်တဆမှု ဖြစ်ပွားခဲ့ပြီး ကလေး နှစ်ယောက်အပါအဝင် သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဖြစ်စဉ်မှာ Suzuki Ertiga အမျိုးစား (အနက်ရောင်) ယာဉ်တစီးဟာ နောက်ဝဲဘက် ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင် နှစ်ပင်ကို ဝင်ရောက် တိုက်မိခဲ့ကာ တဘက်ယာဉ်ကြောကို ရောက်ရှိခဲ့ပြီး လမ်းယာဘက် မြေသားလမ်းပေါ်ကို ရောက်ရှိ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ့ ယာဉ်ပေါ်မှာ ယာဉ်မောင်း အမျိုးသား တယောက်၊ အမျိုးသမီး သုံးယောက်၊ ကလေး (ကျား) တယောက်၊ ကလေး (မ) တယောက် စုစုပေါင်း ခြောက်ယောက်အနက် အမျိုးသမီး တယောက်၊ ကလေးနှစ်ယောက်၊ စုစုပေါင်း သုံးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် ဥလျှစ်ကုန်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ဝင်တို့နဲ့အတူ ဥလျှစ်ကုန်း အမြန်လမ်းရဲတပ်ဖွဲ့တို့က သွားရောက်ကူညီခဲ့ပြီး လူနာတွေကို ရဲတပ်ဖွဲ့ပိုင်ယာဉ်နဲ့ မြို့ချောင်းတိုက်နယ်ဆေးရုံကို ပို့ဆောင် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

အခုလို ယာဉ်မတော်တဆမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ အမြန်လမ်းမီးသတ် တာဝန်ရှိသူက “ယာဉ်တိုက်မှုတွေ ထပ်မဖြစ်အောင် ကားအမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ကီလိုရှိတယ်။ အဲ့ဒီ့ ကီလိုအတိုင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ မောင်းနှင်ကြဖို့၊ နောက် ကိုယ်နိုင်တဲ့ ကီလိုနဲ့ မောင်းနှင်ကြဖို့၊ ယာဉ်မောင်း အိပ်ငိုက်တာမျိုး မဖြစ်ဖို့ သတိထား ဆင်ခြင်စေချင်တယ်။ ခရီးတခု ထွက်မယ်ဆိုတိုင်း ယာဉ်ကို ကြံ့ခိုင်မှုရှိအောင် ဘီးတွေစစ်ဆေးတာ၊ ဆီတွေဘာတွေ စစ်ဆေးတာတို့ စသဖြင့်ပေါ့၊ အစစအရာရာ စစ်ဆေးပြီးမှ သွားလာသင့်ပါတယ်” လို့ အကြံပြု ပြောဆိုပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ တလအတွင်း ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၁၃ ယောက် ရှိခဲ့ပြီး ၃၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး စာရင်းတွေအရ သိရပါတယ်။

အဲ့ဒီ့ တလအတွင်း အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှု ၁၃ ကြိမ် ဖြစ်ပွားခဲ့တာမှာ အမျိုးသား ခုနစ်ယောက်၊ အမျိုးသမီး ခြောက်ယောက် သေဆုံးခဲ့ကာ အမျိုးသား ၂၂ ယောက်၊ အမျိုးသမီး ၁၃ ယောက်၊ စုစုပေါင်း ၃၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW