ကလေးမြို့နယ် တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ် ၊ ထိခိုက်သေဆုံးသူ များပြား

ဖေဖော်ဝါရီ ၊ ၂၄ ၊ ၂၀၂၄
SP (VOM)
ဒီရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးမြို့နယ်ရဲ့ တောင်ပိုင်း ၊ ဂန့်ဂေါမြို့နယ် ကြားမှာရှိတဲ့ မှန်တောကျေးရွာနားက တိုက်ပွဲတွေကြောင့် နှစ်ဘက်ထိခိုက်သေဆုံးသူတွေ များနေတယ်လို့ ဒေသခံ တိုက်ပွဲရှောင်သူတွေဆီက သိရပါတယ်။
အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံ တိုက်ပွဲရှောင် တယောက်က
” ဖေဖော်ဝါရီ ၂၀ ရက် နောက်ပိုင်းကစလို့ ဒီကနေ့အထိ ကလေးနယ် တောင်ပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ် ၊ အဲ့ဒါကြောင့် မှန်တော ၊ ဆည်တော ၊ ရှားဘို ၊ တင်သား ၊ ဒိုနွယ် ၊ ရှားတော ၊ မြောက်စည်း ၊ အရှေ့စည်းက ဒေသခံ နှစ်ထောင်ကျော်လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ မနေ့က မှန်တော တိုက်ပွဲမှာ ဒေသတွင်း PDF အဖွဲ့ဘက်က အကြီးပိုင်း လူတချို့ ထိခိုက်သေဆုံးတယ်လို့ ကြားရတယ် ” လို့ ပြောပါတယ်။
အဲ့ဒီ မှန်တောရွာ တိုက်ပွဲနဲ့ ပတ်သက်လို့ ဒေသတွင်း လူမှုကွန်ရက်မှာ ဖော်ပြထားတာက ” ယနေ့ကျဆုံးသော ရဲဘော်များမှာ CNO/CNDF ဒုတိယစစ်ဦးစီးချုပ် ဆလိုင်းဒေးဗစ်နယူး(ခ) Joshua ၊ ရဲမေ ရွှေနွန်ကိမ် (ခ) A Nge နှင့် ရဲဘော် အာမောစ်ဗန်နိုက်လျန်(ခ) Amos တို့ဖြစ်ကြပြီး ကလေးမြို့နယ် မှန်တောကျေးရွာ အနီးတိုက်ပွဲ တွင် ကျဆုံးခဲ့ကြတာဖြစ်တယ် ၊ ဆလိုင်းမန်ပူမှာ ဖေဖော်၀ါရီလ ၂၂ ရက် စက္ကန့်ကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဒီရက်ပိုင်းအတွင်း နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးရတာတွေရှိတယ်လို့ သိရပါတယ်။
နာမှုကူညီရေး လုပ်ကိုင်းနေတဲ့ ဒေသခံ ပရဟိတသမား တယောက်က
“ဒီရက်ပိုင်းအတွင်း တိုက်ပွဲမှာ ထိခိုက်သေဆုံးသူ အရပ်သား ငါးယောက်ထက်မနည်းရှိတယ် ၊ မှတ်မိသလောက် ပြောရရင် ကြို့သုံးပင်နဲ့ မွန်းလိုင် ဘက်က အသက် ၂၉ နှစ်အရွယ် Nu Cing Khawl Kim နဲ့ အသက် ၄၈ နှစ်အရွယ် Nu Cing Khawm Vung တို့ဖြစ်တယ် ၊ နောက်ပြီး မွန်းလိုင်ရပ်ကွက် စာသင်ကျောင်းနားမှာနေတဲ့ လယ်နွမ်းသား (Lal Nun Thar) ၊ သူ့အစ်မ မိုင်ထျာန်ကျုယ် (Mai Than Cuai ) နဲ့ သူတို့ရဲ့ အိမ်နီးနားချင်းဖြစ်တဲ့ မိုင်မိုနီကာ (Mai Monica) ဆိုသူသုံးယောက်က လက်နက်ကြီး ကျည်စ ထိမှန်ပြီး နေရာမှာတင် သေဆုံးတယ် ၊ အဲ့ဒီအပြင် ကလေးမြို့နယ် မြောက်ပိုင်း ပြည်တော်သာ ၊ လက်ပံချောင်း စတဲ့ရွာတွေဘက်မှာ ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးထက်မနည်းရှိတယ်လို့ သိရတယ် ” လို့ ပြောပါတယ်။
၂၀၂၁ က စလို့ ကလေးမြို့တောင်ပိုင်း ဂန့်ဂေါ ၊ ကလေးကားလမ်းမှာ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေနဲ့ ​နစက ပြည်သူ့စစ်အဖွဲ့တွေက ထိန်းချုပ်ထားတာကြောင့် ဂန့်ဂေါ ကလေး ကားလမ်းဟာ အခုထိ ကားတွေသွားလာလို့ မရသေးဘူးလို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW