ကောလင်းနယ်မှာ တိုက်ပွဲတွေကြောင့် ဒီရက်ပိုင်းအတွင်း မီးလောင်ပျက်စီးတာတွေ များပြားလာ

 

ဖေဖော်ဝါရီ ၊ ၂၄ ၊ ၂၀၂၄

SP ( VOM)

စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းခရိုင် ၊ ကောလင်းမြို့နယ်မှာ နစက လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက် မြို့ပေါ်ရပ်ကွက်တချို့နဲ့ မြို့နားနီး ကျေးရွာတချို့ မီးလောင်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ ကောလင်းနယ်ခံ တိုက်ပွဲရှောင်လာတဲ့ ဒေသခံ တယောက်က ” ဖေဖော်ဝါရီ ၁ ရက်ကစပြီး မြို့ပေါ်က လူတွေနဲ့ မြို့နားနီးရွာတွေက လူတွေအားလုံး တိုက်ပွဲရှောင်နေတာ ဒီကနေ့အထိဖြစ်တယ် ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကစလို့ တိုက်ပွဲတွေစဖြစ်တယ် ၊ ဖေဖော်ဝါရီ ၁၇ ရက်နောက်ပိုင်းမှာ ကောလင်းမြို့ပေါ်က လူနေရပ်ကွက် ၈ ခုက နေအိမ် အဆောက်ဦးတချို့ မီးရှို့ဖျက်ဆီးခံရတယ် ၊ မီးလောင်ပျက်စီးမှု ရာခိုင်နူန်း ၄၀ ကျော် ပျက်စီးတယ် ၊ ဒါ့အပြင် မြို့နားက ရွာတွေဖြစ်တဲ့ ကျွန်းလှခုံ ၊ ခွင့်တောင်း ၊ လက္ပံကွေ့ ၊ ကျူတော၊ရွာမ ၊ စံတော်ရာကုန်း ၊ ဆေးမင်းခုံ၊ဆိုင်ဒူး ၊ ဝါးရုံခုံ၊ ဇီးခုံ စတဲ့ရွာမှာလည်း မီးရှို့ဖျက်ဆီးခံရတယ် ၊ ဘယ်အဖွဲ့က ရှို့တယ်ဆိုတာတော့ အခုထိ မသိရသေးဘူး ” လို့ ပြောပါတယ်။

ကောလင်းမြို့ဟာ ခရိုင်မြို့ဖြစ်ပြီး လူဦးရေ တသိန်းခွဲကျော် နေထိုင်တဲ့အနက် ပြီးခဲ့တဲ့ ၂၀၂၂ မှာ မြို့နေ လူဦးရေးရဲ့ သုံးပုံ ၊ တပုံကျော်ဟာ နေရပ်စွန့်ခွာသွားကြပြီး ၊ ကျန်ရှိနေခဲ့တဲ့ မြို့ပေါ် လူဦးရေ နှစ်ပုံခန့်ဟာလည်း ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းကစလို့ ဒီကနေ့အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေတာကြောင့် ၊ ကောလင်းမြို့ပေါ်မှာ လက်ရှိ လူဦးရေ နှစ်သောင်း ဝန်းကျင်လောက်ပဲ ကျန်နေတာလို့ သိရပြီး အဲ့ဒီ ကျန်ခဲ့တဲ့ လူဦးရေရဲ့ သုံးပုံ ၊ နှစ်ပုံကျော်ဟာ အခုထိတိုက်ပွဲရှောင်နေရတယ်လို့ သိရပါတယ်။

ကောလင်းမြို့ခံ တယောက်က ” ကောလင်းမြို့နယ်မှာ အခြေခံပညာ ကျောင်း ၁၁၃ ကျောင်းရှိတယ် ၊ အဲ့ဒီထဲက ကျောင်းပေါင်း ၄ဝ ကျော်လောက် ပျက်စီးသွားတယ် ၊ အဲ့ဒိ အပြင် ကျေးလက်ကျန်းမာရေး ဌာန ၂၈ ခုရှိတဲ့အနက် ဆယ်ခုဝန်းကျင် ပျက်စီးတယ် ၊ ကောလင်းမြို့နားက ရွာပေါင်း ၂၀ ကျော်က လူနေအိမ်တချို့ မီးရှိ့ဖျက်ဆီးခံရတယ် ” လို့ ပြောပါတယ်။

ကောလင်းမြို့ဟာ ၁၉၈၉ ကတကြိမ် ၊ ၁၉၉၆ က နောက်တကြိမ် ၊ ၂၀၁၃ က တကြိမ် မီးအကြီးအကျယ် လောင်ခဲ့ပြီး ရာနဲ့ချီတဲ့ လူနေအဆောက်ဦးတွေ ဆုံးရှုံးခဲ့တယ်လို့ ဒေသခံ ဆီက သိရပါတယ်။

ဓာတ်ပုံ ၊ ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW