တလအတွင်း ဒုတိယမြောက် ရုရှားသူလျှိုလေယာဉ်တစင်းကို ယူကရိန်းစစ်တပ် ပစ်ချ

 

ကိယက်ဗ်၊ ဖေဖော်ဝါရီ-၂၄-၂၀၂၄

မျိုးဆက်(VOM)

ယူကရိန်းစစ်တပ်ဟာ ရုရှားရဲ့ အေ-၅၀ သူလျှိုလေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့ပြီး ဒါဟာ တလအတွင်း ဒုတိယမြောက် ရုရှားစစ်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။

ရုရှား သူလျှိုလေယာဉ်ဟာ ယူကရိန်းရှေ့တန်းမှ ၁၂၄ မိုင်အကွာ ရုရှားနိုင်ငံ ရော့ဗ်အွန်ဒန်နဲ့ ကက်စ်နိုဒါ မြို့အကြားမှာ ပျက်ကျခဲ့တာလို့ ယူကရိန်းစစ်ဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကာနက်ဗ်စကွိုင်ခရိုင်မှာ လေယာဉ်အပျက်အစီးတွေ တွေ့ရှိခဲ့ပြီး မီးလောင်နေတဲ့ အပိုင်းအစတွေကို ငြိမ်းသတ်ခဲ့တယ်လို့ အရေးပေါ်ဌာနက ထုတ်ပြန်ပါတယ်။

ရုရှားကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မှတ်ချက်ပြုပြောဆိုတာမရှိသေးပါဘူး။ ယူကရိန်းလေတပ်အကြီးအကဲ မိုင်ကိုလာအိုလက်စ်ချော့ခ်ကတော့ ရုရှားလေယာဉ်ကို ပစ်ချနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် ယူကရိန်းစစ်တပ်ကို ချီးကျူးပြောဆိုထားပါတယ်။

ယူကရိန်းဟာ ရုရှားရဲ့ အေ-၅၀ သူလျှိုလေယာဉ်တစင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ပစ်ချနိုင်ခဲ့ပါတယ်။ ရုရှားမှာ ဒီလေယာဉ်အမျိုးအစား ခြောက်စင်းသာရှိနိုင်တယ်လို့ ဗြိတိန်ထောက်လှမ်းရေးက ဆိုပါတယ်။

ရုရှားတိုက်လေယာဉ်တွေအတွက် လေကြောင်းရန် ကာကွယ်ရေးနဲ့ ပစ်မှတ်တွေကို ထောက်လှမ်းပေးနိုင်တဲ့ အဲဒီလေယာဉ်အမျိုးအစားတစင်း တည်ဆောက်ဖို့ ဒေါ်လာသန်းရာပေါင်းများစွာ ကုန်ကျပါတယ်။

Ref:BBC

Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW