ကံထူးမ နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီးနောက် တန့်ဆည်နယ်မှာ ဘာတွေဖြစ်ပျက်နေလဲ

 

မတ် ၁ ၊ ၂၀၂၄
SP (VOM)

စစ်ကိုင်းတိုင်း ၊ ရေဦးခရိုင် ၊ တန့်ဆည်မြို့နယ် ၊ ကံထူးမ နယ်မြေရဲစခန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက တိုက်ခိုက်ခံရပြီးနောက် တန့်ဆည်မြို့နယ် တနယ်လုံးမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ VOM က ဒေသခံတွေဆီ ဆက်သွယ်မေးမြန်းထားပါတယ်။

တန့်ဆည်မြို့နယ် ဒေသခံတယောက်က ” တန့်ဆည် – ကလေးဝ ကားလမ်းပေါ်က ကံထူးမ နယ်မြေရဲစခန်းကို ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက တိုက်ခိုက်ခံရတယ် ၊ ကံထူးမစံပြရွာဆိုတာ မဟာမြိုင်တောကြီးနဲ့ ထိစပ်နေပြီး တန့်ဆည်မြို့ အနောက်ဘက် ၉ မိုင်လောက်ဝေးတယ် ၊ တိုက်နယ်ဆေးရုံ ၊ စျေး ၊ အထက်တန်းကျောင်း ၊ ရဲစခန်းရှိတယ် ၊ တန့်ဆည်မြို့နယ်ရဲ့ အနောက်ဘက်ခြမ်းက ရွာပေါင်း ၇၀ နီးပါးဟာ အဲ့ဒီ ကံထူးမ စျေးနဲ့ ဆေးရုံကို အမှီပြုပြီးနေရတယ် ၊ ကံထူးမ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် နစက နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်တယ် ၊ အဲ့ဒီ နှစ်ဘက်တိုက်ပွဲတွေကြားမှာ တန့်ဆည် – ကံထူးမ ကားလမ်းဘေးမှာရှိတဲ့ ဝါးရငယ် ၊ မှန်ချိုင် ၊ မှန်ရင်း ၊ အင်တံခါး ၊ သာယာကုန်း၊ ရွာသစ် ၊ ရွှေကြာတန်း ၊ ကုန်းရိုး၊ သပြေရင်း၊ခရမ်းခြံ ၊ ပဲခင်းကြီး ၊ ဖိုနုတ် ၊ ကော်တက် ၊ လက်ဆည် ၊ ပေကုန်း ၊ မရမ်းမိ ၊ သရက်ခါး စတဲ့ ရွာတွေမှာ လူနေအိမ်တွေနဲ့ အဆောက်ဦးတွေ မီးလောင်ပျက်စီးကုန်တယ် ၊ ကံထူးမရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရွာပေါင်း ၂၀ ကျော်ထက်မနည်း မီးလောင်ပျက်စီးတယ် ၊ အဲ့ဒီရွာတွေမှာက ရွာခံတွေမရှိတော့ဘူး ၊ နီးစပ်ရာ မဟာမြိုင်တောထဲမှာ ပြောင်းရွေ့နေကြတယ် ၊ တချို့လည်း ရွှေမှော်တွေဘက်ကို ပြေးသွားကြတယ် ၊ နောက်ပြီး ကံထူးမရွာပေါ်မှာလည်း နေအိမ် ၊ စျေးဆိုင်ခန်း တချို့ ပျက်စီးကုန်တယ် ၊ အခုထိ စျေးတွေပြန်မဖွင့်သေးဘူး ၊ ကားအဝင်အထွက်တွေလည်း မရှိဘူး ၊ ညဘက်ဆိုရင် ပစ်ခတ်သံတွေကြားနေဆဲဖြစ်တယ်” လိူ့ ပြောပါတယ်။

တန့်ဆည်မြို့နဲ့ ကံထူးမရွာကြားက အင်တိုင်း၊ စီးကြီး၊ အနောက်ကုန်း၊ စွန်း၊ မှန်ချိုင်၊ ပန္နဲကုန်း၊ သရက်ကွ၊တောင် မှန်ရင်း၊ ကန်ပေါက်၊ ကိုးတောင်ဘို့၊ ဝါးရုံကန်၊ အင်တံခါး၊ သာယာကုန်း၊ ရွာသစ်၊ ညောင်ရင်း၊ ရွှေကြာတန်း၊ ကုန်းရိုး၊ သပြေရင်း ခရမ်းခြံ၊ ကော်တက်၊ ကံထူးမ၊ အင်ရေအိုး၊ ရေရှင် စတဲ့ ကျေးရွာ နှစ်ဆယ်လောက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ် ” လို့ ပြောပါတယ်။

တန့်ဆည်မြို့ခံ တယောက်က ” တန့်ဆည်မြို့နယ်ဟာ မြို့ပေါ်လူနေရပ်ကွက် လေးခုရှိတယ် ၊ နောက်ပြီးတော့ ကျေးရွာအုပ်စုပေါင်း ၅၇ အုပ်စုရှိတယ် ၊ ကျေးရွာပေါင်း ၂၇၁ ရွာရှိတယ်၊ တန့်ဆည်မြို့နယ်မှာက ၂၀၂၁ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဥ် မဖြစ်ခင်းကထိ လူဦးရေး တသိန်းခွဲလောက်ရှိတယ် ၊ အဲ့ဒီထဲက လူဦးရေးရဲ့ သုံးပုံ ၊ နှစ်ပုံကျော်ဟာ ၂၀၂၁ ကစလို့ နေရပ်စွန့်ခွာ ထွက်သွားကြတယ် ၊ အခုထိပဲဖြစ်တယ် ၊ ကျန်တဲ့ လူဦးရေးရဲ့ တဝက်ကျော်ဟာလည်း တိုက်ပွဲရှောင် ပြေးလွှားနေရတယ် ၊အခုဆိုရင် ကံထူးမရဲစခန်းတိုက်ခံရပြီးနောက်ပိုင်း ၊ တန့်ဆည်နယ် အနောက်ဘက်ခြမ်းမှာက တိုက်ပွဲရှောင် ထွက်ပြေးနေရလို့ ရွာတွေမှာ လူမရှိသလောက်ဖြစ်ကုန်တယ်၊ နောက်ပြီး ကျေးရွာပေါင်း ၂၇၁ ရွာမှာ ရွာပေါင်း နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံရတယ် ၊ တချို့ရွာတွေဆိုရင် ဇီးရိုရွာတွေဖြစ်ကုန်တယ် ၊ တန့်ဆည်နယ်မှာ အခြေခံပညာကျောင်းပေါင်း ၁၆၄ ကျောင်းနဲ့ ဘုန်းတော်ကြီသင် ကျောင်း ၄ ကျောင်းရှိတယ် ၊ အဲ့ဒီထဲက ကျောင်းပေါင်း လေးကျောင်းလောက်ပဲဖွင့်နိုင်တယ် ၊ ကျန်တဲ့ကျောင်း ၁၆၀ လောက်က ၂၀၂၁ ကနေစလို့ ဒီကနေ့အထိ ပိတ်ထားရတယ် ၊ တန့်ဆည်မြို့မှာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း မြို့ပေါ်တိုက်ပွဲ ကြီးကြီးမားမား လေးကြိမ်ဖြစ်တယ် ၊ အဲ့ဒီ တိုက်ပွဲတွေမှာ နှစ်ဘက် လူအသေအပျောက် အများအပြားဖြစ်တယ် ” လို့ ပြောပါတယ်။

အဲ့ဒါကြောင့် ကံထူးမရဲစခန်း တိုက်ခိုက်ခံရပြီးနောက် တန့်ဆည်နယ်မှာ နွေစပါးစိုက်ပျိုးချိန်ဖြစ်ပေမယ့် အခုထိ လယ်ယာလုပ်ငန်းခွင် မဝင်နိုင်သေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၂၂ ရက်ကလည်း တန့်ဆည်မြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ စုပေါင်းနေရာတွေကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီ ဖြစ်စဥ်မတိုင်မီ တလအလို ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၂၂ ရက် ၊ မနက်အစောပိုင်း ၁ နာရီဝန်းကျင်ကလည်း ဒေသတွင်း လက်နက်ကိုင် PDFအဖွဲ့တွေက လာရောက်တိုက်ခိုက်လို့ ဌာနဆိုင်ရာရုံးတချို့ မီးလောင်ပျက်စီးပြီး ရဲတပ်ဖွဲ့ဝင် ငါးယောက်နဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် လေးယောက် သေဆုံးခဲ့ပါတယ်။

ဒိအပြင် ပြီးခဲ့တဲ့ ၂၀၂၂ တုန်းကလည်း တန့်ဆည်မြို့ ၊ မြို့တောင်ဘက် အဝင် ဂိတ်နေရာမှာ တာဝန်ကျ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကားနဲ့အသွား ပစ်ခတ်ခံရပြီး ရဲ ခြောက်ယောက်သေဆုံးကာ ၊ သေနတ် ခုနှစ် လက်ပါသွားတာ ဖြစ်ခဲ့ပါသေးတယ်။

တန့်ဆည်မြို့ဟာ ၁၉၈၈ သြဂုတ် အရေးအခင်းကာလတုန်းက မြို့ခံလူထုက မြို့ပေါ်မှာရှိတဲ့ ရဲစခန်းကို ဝင်ရောက်စီးနင်းပြီးနောက် မြို့နယ်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်တချို့ ခေါင်းဖြတ်သတ်ခံရတဲ့ ဖြစ်စဥ်တွေလည်း ပေါ်ပေါက်ခဲ့ကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW