မလေးရောက် တရားမဝင် မြန်မာလုပ်သားတွေ မြန်မာနိုင်ငံပြန်လိုရင် သတ်မှတ် ဒဏ်ကြေးနဲ့ ပြန်ခွင့်ပြုမယ်

 

ရန်ကုန် ၊မတ် ၁ – ၂၀၂၄

GG(VOM)

မလေးရှားနိုင်ငံမှာ တရားမဝင် ရောက်ရှိနေကြတဲ့ မြန်မာလုပ်သားတွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်လိုပါက သတ်မှတ်ဒဏ်ကြေးနဲ့ နေရပ်ကို ပြန်ခွင့်ပြုပေးသွားမယ်လို့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ မြန်မာသံရုံးကသိရပါတယ်။

ဒါကြောင့် မလေးရှားမှာ တရားမဝင် နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒီကနေ့ မတ်လ ၁ ရက​်နေ့မှစပြီး လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ အတွင်း ဒဏ်ကြေးအနေနဲ့ မလေးရှားငွေ ရင်းဂစ် ၅၀၀ ပေးဆောင်ပြီး နေရပ်ပြန်ဖို့ခွင့်ပြုပေးမှာဖြစ်တယ်လို့သိရပါတယ်။

” ဟုတ်တယ် ကြေငြာတာကျနော်တို့လည်းတွေ့ပါတယ်။ တရားမဝင်ရောက်ပြီး ဒုက္ခရောက်နေသူ စားဖိူ့တောင်အဆင်မပြေသူတွေကတော့ ပြန်ချင်ကြမှာပေါ့၊ပြောသာပြောရတာပြန်ဖို့ကလည်း အဓိက လေယာဥ်လက်မှတ်ခရှိအုံးမှလေ၊ သူတို့က အစိုးရအစီအစဥ််စရိတ်ငြိမ်းပြန်ပို့ရင်တော့ တမျိုးပေါ့။ တရားမဝင်ကိုမှ အလုပ်ရော နေထိုင်တာရောအဆင်ပြေသူတွေကတော့ ပြန်မှာမဟုတ်ဘူး ၊ခုကာလ ပိုတောင်မပြန်မယ့်သူများအုံးမယ်လို့်ကျွန်တော်ထင်တယ်။ အရင်ကတော့ သူတို့ကမိရင် ထောင်ချပြီးမှ အစိုးရချင်းပြန်ပို့တာ ” လို့ မလေးရောက်မြန်မာ နိုင်ငံသားတယောက်ကပြောပါတယ်။

နေရပ်ပြန်မယ်ဆိုရင် နိုင်ငံကူးလက်မှတ် ဒါမှမဟုတ် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်၊ အပြန်လေယာဥ်လက်မှတ်တွေနဲ့အတူ မလေးရှားလူဝင်မှုကြီးကြပ်ရေးရုံးတွေမှာ ဒဏ်ကြေးပေးဆောင်ပြီး ၁၄ ရက်အတွင်း မလေးရှားနိုင်ငံကနေ ပြန်ထွက်ခွာနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

မလေးရှားမှာ တရားမဝင်နေထိုင်ရတဲ့ မြန်မာနိုင်ငံသားတွေအနက် နေရပ်ပြန်နိုင်ဖို့အတွက် နိုင်ငံကူးလက်မှတ် မရှိသူတွေအနေနဲ့လည်း မြန်မာသံရုံးမှာ မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်ကို ကိုယ်တိုင်လျှောက်ထားနိုင်ပြီး မြန်မာနိုင်ငံသား စိစစ်မှန်ကန်ပါက သက်သေခံလက်မှတ်ထုတ်ပေးသွားမယ်လို့လည်း သံရုံးဘက်ကပြောဆိုထားပါတယ်။

အရင်က မလေးရှားအစိုးရဟာ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်နေသူတွေကို အာဏာပိုင်တွေက ဖမ်းဆီးမိရင် အချုပ်မှာ ထိန်းသိမ်းထားပြီး ပြစ်ဒဏ်ကျခံစေပြီးမှ နေရပ်ပြန်ခွင့်ပြုခဲ့တာဖြစ်ကြောင်း ၊ အခုကတော့ ဖြေလျှော့တဲ့အနေနဲ့ ပြစ်ဒဏ်မချမှတ်ပဲ ပြန်ခွင့်ပြုတဲ့သဘောဖြစ်တယ်လို့သိရပါတယ်။

မလေးရှားနိုင်ငံဟာ ပြည်ပနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံသားတွေ သွားရောက်အလုပ်လုပ်ကိုင်တဲ့ ဒုတိယအများဆုံး နိုင်ငံတစ်ခုဖြစ်ပါတယ်။

လက်ရှိမှာ မလေးရှားနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်မယ်ဆိုရင် တစ်ယောက်ကို ကုန်ကျစရိတ်အနေနဲ့ သိန်း ၈၀ အထက်ကုန်ကျမှုရှိနေတယ်လို့သိရပါတယ်။

Photo Crd : Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW