မြောက်ဦးက အရပ်သား ခုနစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဝန်ခံထွက်ဆိုမှု အခြေအမြစ်မရှိလို့ နစက တာဝန်ရှိသူ ပြော

 

မတ် ၁ – ၂၀၂၄

kT+SN (VOM)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က အရပ်သား ခုနစ်ဦးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ နစကတပ် ခမရ (၃၇၈) က ဗိုလ်ကြီးအာကာမြင့်ရဲ့ ဝန်ခံထွက်ဆိုမှုဟာ အခြေအမြစ်မရှိတဲ့ ထွက်ဆိုမှု ဖြစ်တယ်လို့ နစက သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) အဖွဲ့က ဖမ်းဆီးရမိထားတဲ့ ဗိုလ်ကြီးအာကာမြင့်ရဲ့ ဝန်ခံထွက်ဆိုချက် ရုပ်/သံဖိုင်ကို AA က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၉ ရက်က လူမှုကွန်ယက်မှတဆင့် အသိပေး လွှင့်တင်ခဲ့ခြင်းဖြစ်ပါတယ်။

အဲ့ဒီ့ ရုပ်သံဖိုင်မှာ ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ၊ ကိုကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ ကိုကျော်သိန်းလှိုင်၊ ကိုကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ကိုဝင်းနိုင်၊ ကိုပြည့်စုံဝင်း စတဲ့ အရပ်သား ခုနစ်ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ခမရ (၃၇၈) မှ ဗိုလ်ကြီးအာကာမြင့်က ဝန်ခံ ထွက်ဆိုထားပါတယ်။

ဒါနဲ့ ပတ်သက်လို့ နစက သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူကို VOM က ဆက်သွယ် မေးမြန်းခဲ့တာမှာ “အဲ့ဒီ့ ဖြစ်စဉ်ဟာ အခြေအမြစ်မရှိတဲ့ လုပ်ကြံဖန်တီးထားတဲ့ ဖြစ်စဉ်တခုသာ ဖြစ်ပါတယ်။ AA သောင်းကျန်းသူအဖွဲ့အပြင် သောင်းကျန်းသူအဖွဲ့တချို့ အနေနဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတိုင်း အခုလို မဟုတ်မမှန်တဲ့ ဖြစ်စဉ်တွေကို ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို ခြိမ်းခြောက် အကြပ်ကိုင်ခြင်းအပါအဝင် နည်းအမျိုးမျိုးသုံးကာ ပြောကြားခိုင်းပြီး ပြည်ဖျက်မီဒီယာတချို့နဲ့ အချိန်ကိုက် ဝါဒဖြန့်ခြင်း ဆောင်ရွက်နေတာဟာ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်တခုလို ဖြစ်နေတာကို သတိပြုမိဖို့လိုပါတယ်” လို့ပြန်လည် ဖြေကြားခဲ့ပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ ဖမ်းဆီးရမိသူတွေကို သတ်ဖြတ်ညှင်းပန်းမှုမျိုးကို လုံးဝ (လုံးဝ) ခွင့်ပြုထားခြင်းမရှိသလို တချို့ စိတ်မထိန်းနိုင်မှုကြောင့် ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေ အပေါ်မှာလည်း ထိရောက်ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တဲ့ သာဓကတွေ ရှေ့မှာလည်း ရှိခဲ့ပြီးဖြစ်တယ်လို့ သူက ပြောပါတယ်။

ဆက်လက်ပြီးတော့လည်း သူက “တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေချိန် မိမိတပ်၊ တပ်ဖွဲ့ဝင်တွေ လုံခြုံရေးနဲ့ တပ်မိသားစုတွေ လုံခြုံရေးအတွက် စီမံ ဆောင်ရွက်နေချိန်မှာ တခြားသူတွေကို ဗွီဒီယိုမှာပြောကြားသလို စိတ်အေးလက်အေး စီမံပြီး သတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးဆိုတာကို စဉ်းစားကြည့်ရင် သိရှိနိုင်ပါတယ်။ အဲ့ဒါကြောင့် အခု ဖြစ်စဉ်ဟာ လုပ်ကြံ ဖန်တီးမှုသက်သက်သာ ဖြစ်တယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

AA အနေနဲ့ နစက ခြေမြန်တပ်ရင်း (၃၇၈) ကို ဖေဖော်ဝါရီ ၅ ရက်မှာ ဝင်ရောက် စီးနင်းခံပြီးနောက် အဲဒီ တပ်ရင်းရဲ့ ဗုံးခိုကျင်းတခုထဲမှာ ရခိုင်သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း (ခ) ဖိုးသီဟ အပါအဝင် အရပ်သား ခုနစ်ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW