ရန်ကုန်မြစ်အတွင်း သင်္ဘောတစင်း ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွား

 

မတ် ၁ – ၂၀၂၄

SN (VOM)

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း ဒီကနေ့ မတ်လ ၁ ရက်၊ မနက် ၂ နာရီ၊ ၂၃ မိနစ် အချိန်ဝန်းကျင်က သင်္ဘောတစင်း ပေါက်ကွဲပြီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

“ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်းအောက်ရုံအလတ်ချောင်းရပ်ကွက်နားမှာ ဖြစ်တာပါ။ သင်္ဘောပေါ်မှာ ဂက်စ်အိုး ပေါက်ကွဲပြီး မီးလောင်မှုဖြစ်တာ” လို့ မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

မီးလောင်မှုကို ကြည့်မြင်တိုင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ အလုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစီး ထွက်ခွာ မီးငြှိမ်းသတ်ခဲ့တာမှာ မနက် ၃ နာရီ ၇ မိနစ်အချိန်မှာ မီးထိန်းပြီး ၃ နာရီ ၃၅ မိနစ်အချိန်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်တဲ့သင်္ဘာဟာ လောင်စာဆီတင်သင်္ဘာလို့ သိရပြီး လူခြေတိတ်ချိန် မီးလောင်ပေါက်ကွဲသံကို ကြည့်မြင်တိုင်မြို့နယ် အပါအဝင် လှိုင်၊ အင်းစိန်၊ တောင်ဥက္ကလာပ၊ လှိုင်သာယာနဲ့ တာမွေမြို့နယ်တွေအထိ ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်မှုဟာ အချိန် တနာရီကျော် ကြာမြင့်ခဲ့ပြီး လက်ရှိမှာ မီးလောင်မှုကြောင့် သင်္ဘောသားတွေ ထိခိုက်ဒဏ်ရာရရှိမှု၊ ပျက်စီးဆုံးရှုံးမှုနဲ့ မီးလောင်ရတဲ့ အကြောင်းရင်းတို့ကို စိစစ်လျက်ရှိကာ သက်ဆိုင်ရာမှ အမှုဖွင့်အရေးယူနိုင်ဖို့ လုပ်ဆောင်နေပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW