ဝိုင်းမော် တိုက်ပွဲကြား ပိတ်မိနေတဲ့ စစ်ရှောင် နှစ်ထောင်ကျော်ကို ကယ်ထုတ်နိုင်ခဲ့

 

မတ် ၁၄ – ၂၀၂၄

SN (VOM)

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် တိုက်ပွဲအတွင်း တပတ်နီးပါး ပိတ်မိနေတဲ့ စစ်ရှောင် နှစ်ထောင်ကျော်ကို မနေ့ မတ်လ ၁၃ ရက်၊ မနက်ပိုင်းမှာ အပြီးသတ် ကယ်ထုတ်နိုင်ခဲ့ပြီဖြစ်တယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

ဝိုင်းမော်မြို့၊ မြစ်ကြီးနား− ဗန်းမော်လမ်းပိုင်းက အောင်မြေ (၁)၊ အောင်မြေ (၂) နဲ့ ရွှေညောင်ပင်ကျေးရွာတို့မှာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်မှ စတင်ကာ နစကတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေကို KIA ပူးပေါင်းတပ်နဲ့ ကချင်ပြည်နယ် တိုင်းမှူးတို့ရဲ့ ခွင့်ပြုချက်နဲ့ ကားကြီး၊ ကားငယ် ၁၂၀ ကျော်နဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) တို့ ဦးဆောင်ကာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၊ ဝါရှောင်ဆရာတော်၊ အာရ်အိုင်ပီ RIP လူမှုကူညီရေးအသင်းနဲ့ စေတနာ့ဝန်ထမ်း လူငယ်တွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ဝိုင်းမော်မြို့ကို ခေါ်ထုတ်လာနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

“အောင်မြေ (၂) နဲ့ ရွှေညောင်ပင်မှာ ပိတ်နေတဲ့ လူတွေအကုန်လုံးကို ကယ်ထုတ်နိုင်ခဲ့ပါပြီ။ ဘာသာ၊ လူမျိုးထက် လူနဲ့လူ့ဒုက္ခကိုပဲ ကြည့်ပြီး ကယ်ခဲ့တာပါ။ ဘုန်းဘုန်း တပါးတည်း ကယ်တာ မဟုတ်ရပါဘူး။ အားလုံးပေါင်းလို့ အကောင်းတခု ဖြစ်လာတာပါ။ ဒီထဲမှာ အရေးကြီးဆုံး အရာမှန်သမျှ PCG က ဦးလမိုင်ဂွမ်ဂျာတို့က အဓိကကျပါတယ်။ လူမှုကူညီရေးအဖွဲ့တွေရဲ့စေတနာတွေ ပါတယ်။ ပါဝင်ကူညီ ဝန်းရံသူ အားလုံး ကျန်းမာအဆင်ပြေ စိတ်ချမ်းမြေ့စွာ အသက်ရှည်ကြပါစေ” လို့ ဝါရှောင်ဆရာတော်က မိန့်ကြားပါတယ်။

တိုက်ပွဲအတွင်း ပိတ်မိနေသူတွေကို မတ်လ ၁၂ ရက်က တကြိမ် သွားရောက် ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်ရှိသူတွေကို မနေ့က ထပ်မံ ကယ်ထုတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပိတ်မိနေတဲ့ကာလအတွင်း အောင်မြေ (၂) ကျေးရွာရဲ့ ရွာဦးဘုန်းတော်ကြီးကျောင်းမှာ စုပေါင်းပြီး စစ်ရှောင်နေကြတဲ့ ရွာသူရွာသားတွေဟာ ဘုန်းကြီးကျောင်း ပရဝုဏ်ကျဉ်းမြောင်းခြင်း၊ ရေလောင်းအိမ်သာ ငါးလုံးသာရှိခြင်း၊ ကျောင်းအတွင်းနဲ့ အနီးရှိ ရေတွင်းတွေမှာ ရေခမ်းနေခြင်း စတာတွေကြောင့် သောက်ရေ၊ သုံးရေ မရရှိခြင်းနဲ့ စားနပ်ရိက္ခာ ပြတ်လပ်ခြင်းတို့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

“ရေနဲ့ အစာ ပြတ်လပ်ခဲ့တာပေါ့။ ရေကတော့ တော်တော်ကို အခက်အခဲဖြစ်ခဲ့ဝာာ။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ ဖျားနာတာတွေလည်း ရှိကြတယ်။ အောက်စီဂျင်ပြတ် တာတွေ ရှိတယ်။ စိတ်ဒဏ်ရာတွေလည်း ရကုန်ကြတယ်။ အခုတော့ လုံခြုံတဲ့ နေရာ အသီးသီးကို ပို့ဆောင်ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနေပါတယ်။ နေရာထိုင်ခင်းနဲ့ အစားအသောက်တွေအတွက် အလှူရှင်တွေလည်း အများကြီး လိုအပ်နေပါတယ်” လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ကာလအတွင်း အောင်မြေ (၂) ကျေးရွာက ပြည်သူ လေးယောက် အောက်ဆီဂျင်ပြတ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရွှေညောင်ပင်ကျေးရွာမှ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးတဦးလည်း ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့က ပေါင်ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့တာကြောင့် ကချင်ပြည်နယ်၊ လူမှုကူညီရေးအသင်း Rest in Peace Group က တာဝန်ယူကာ ဒီကနေ့ မတ် ၁၄ ရက်မှာ ခွဲစိတ်မှုအတွက် လိုအပ်တာတွေကို ကူညီ ဆောင်ရွက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။

အောင်မြေ (၁)၊ အောင်မြေ (၂) နဲ့ ရွှေညောင်ပင် ကျေးရွာတွေဟာ ဝိုင်းမော်မြို့နဲ့ ခုနစ်မိုင်ကျော်၊ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နဲ့ ၄၄ မိုင်ကျော် ကွာဝေးပြီး မြစ်ကြီးနား−ဗန်းမော် ကားလမ်းပေါ်မှာ တည်ရှိတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ဝါရှောင်ဆရာတော်(FB)

Related posts

Leave a Comment

VOM News

FREE
VIEW