ပဲခူးတိုင်းမှာ မနေ့က တရက်တည်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး လူ ဆယ်ယောက်ကျော် ဒဏ်ရာရ

မတ် ၊ ၁၆ ၊ ၂၀၂၄
TT (VOM)
ပဲခူးတိုင်း အရှေ့ပိုင်းမှာ မတ် ၁၅ ရက် မနေ့က တရက်တည်း ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားတာကြောင့် ဒေသခံ ၁၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပဲခူးတိုင်း လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။
” မနေ့က တရက်တည်းမှာ ပဲခူးတိုင်းအတွင်း ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်တယ် ၊ ပထမ ပေါက်ကွဲမှုက ပဲခူးခရိုင် ၊ ဝေါမြို့ ၊ အခြေခံပညာအထက်တန်းကျောင်းနားမှာ မနက် ၁၁ နာရီဝန်းကျင်က ကျောင်းသား ကျောင်းသူတွေ စာမေးပွဲ ဖြေဆိုနေတဲ့အချိန် ဖြစ်တယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ပျက်စီးမှု မရှိပေမယ့် မပေါက်ကွဲသေးတဲ့ ဖျက်အားပြင်း ရှေ့ထွက်မိုင်း နှစ်လုံး သက်မဲ့လုပ်ပြီး ဖယ်ရှား ရှင်းလင်းခဲ့ရတယ် ၊ နောက် ဒုတိယဖြစ်စဥ်ကတော့ မနေ့က ညနေပိုင်း ၃ နာရီမှာ ညောင်လေးပင်ခရိုင် ၊ ရွှေကျင်မြို့နယ် ၊ ဝင်ခနိမ်ကျေးရွာအုပ်စု ၊ ဝင်ခနိမ်ကျေးရွာနားက ရော်ဘာခြံတခုထဲက လောင်းကစားဝိုင်းမှာ ပေါက်ကွဲမှု ထပ်မံဖြစ်ပွားတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ်မှာ အမျိုးသား ရှစ်ယောက်နဲ့ အမျိုးသမီး ငါးယောက် ၊ စုစုပေါင်း ၁၃ ယောက် ထိခိုက်ဒဏ်ရာတွေရတယ် ” လို့ ပဲခူးတိုင်း လုံခြုံရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီ ဒဏ်ရာရသူတွေကို ၊ ရွှေကျင်မြို့ ပြည်သူ့ဆေးရုံမှာ အရေးပေါ်လူနာအဖြစ် ဆေးကုသခံနေရတယ်လို့ သိရပါတယ်။
” ပဲခူးတိုင်းမှာ ပေါက်ကွဲမှုအဖြစ်များတာက ပဲခူးတိုင်း အနောက်ဘက်အခြမ်းထက် ၊ အရှေ့ဘက်ခြမ်းမှာက ပိုပြီး အဖြစ်များတယ် ၊ အဓိက ဖောက်ခွဲတိုက်ခိုက်ခံရတာက ရန်ကုန် – မန္တလေး မီးရထားလမ်းမှာဖြစ်တယ် ၊ ဒီနှစ်ထဲမှာ ပေါက်ကွဲမှူဖြစ်စဥ်ပေါင်း ၂၀ နီးပါးရှိတယ် ” လို့ ပဲခူးတိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
အဲ့ဒီ ပေါက်ကွဲမှုတွေဟာ ဘယ်အဖွဲ့စည်းက လုပ်တယ်ဆိုတာ VOM အနေနဲ့ မသိရသေးပါဘူး။
ဓာတ်ပုံ ၊ ဒေသခံတဦး

Related posts

Leave a Comment

VOM News

FREE
VIEW