ပြည်တော်ဝင် ၇၉ နှစ်ပြည့်ပြီ

 

ဆူးငှက်

 

 

 

”အခါတော် ရောက်ချိန်နီးလို့လာပြီလေ၊

ဒေါ်ဒေါ်မမ … နှမတို့တစ်တွေ …

အသည်းစွဲချစ်မိတ်ဆွေ၊ ခေတ္တခွဲလို့နေ

မြို့မနှင့်အတူတကွလိုက်ပါနိုင်စေ

အောင်စည်ရွမ်းသံကြားရပြီထင့်၊ ပြည်တော်ဝင်မယ်လေ …”တဲ့။

အေဝမ်းဆရာညှာ ရေးစပ်ခဲ့သော ပြည်တော်ဝင်သီချင်းသည် ယခုနှစ် ၂၀၂၄ခုနှစ် မတ်လ ၂၃ရက်တွင် အသက် ၇၉နှစ်ရှိချေပြီ။သို့သော် ယခုတိုင် နုပျိုနေဆဲဖြစ်သည်။

 

 

၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် အင်္ဂလိပ်တို့ အားအကိုးဆုံး စင်ကာပူ ခံတပ်ကြီး ကျသွားသည်နှင့် ရန်ကုန်မှအင်္ဂလိပ်တို့လည်း အထက်သို့ ရုတ်ချည်း ဆုတ်ခွာကြ၏။ မတ်လ(၈)ရက်နေ့တွင် ရန်ကုန်သည် သိသာထင်ရှားစွာ တုန်လှုပ်ချောက်ချားလေပြီ။ မန္တလေးသို့ ထွက်ခွာ မည့် မီးရထားတိုင်း၌ စစ်ပြေးများဖြင့် ပြည့်ကျပ်နေ၏။ မန္တလေးဘူတာကြီးသို့ဆိုက်ကပ်လာသော မီးရထားတိုင်း၌လည်း ရရာပစ္စည်း ဆွဲယူလာကာ မျက်စိပျက် မျက်နှာပျက်ဖြစ်နေသော စစ်ပြေးများကရထားဘေးမှာ အလှအယက် ဆင်းကြတော့ ဘယ်ဆီဘယ်ဝယ် သွားရမည်မသိ၊ ယောင်လည် လည်ဖြစ်နေကြသည်။

 

 

အများစု စစ်ပြေးများက ဘူတာကြီး အနောက်ခြမ်း၊ တရုတ်တန်းနှင့် ဈေးချိုအကြား လမ်းကြိုလမ်းကြားမကျန်ပျားပန်းခပ်နေတော့သည်။ ရန်ကုန်မြို့ရှိ အစိုးရရုံးချုပ်ကြီးများက လတ်တလောအနေနှင့် မန္တလေးရုံးများနှင့် ပူးပေါင်းဖွင့်လှစ်ထားသည်။ သို့သော် ရုံးလုပ်ငန်း ယန္တရားများ ကား ပျက်စီးသွားချေပြီ။ ရန်ကုန်မြို့ရှိ မီးသတ်စက်ကြီးသည်ပင်လျှင် မန္တလေးသို့ရောက်ရှိလာ၏။ မကြုံစဖူး မန္တလေးမှာ ထူးကဲစွာ စည်ကားနေသည်။ မနက်မိုးလင်းသည်နှင့် ကောလာဟလသတင်းများဖြင့် စီစီညံ နေတော့သည်။

 

ရန်ကုန်မြို့တွင်လည်း ဂျပန်က ပဲခူးမြို့မြောက်ဘက် ၁ဝ မိုင်အကွာ၌ တည်ရှိသော ဘုရားကြီးရွာနှင့် ၁၈မိုင်အကွာ၌တည်ရှိသော ပျဉ်ပုံကြီးရွာ များ၌ ရောက်ရှိသိမ်းပိုက်ပြီးလေပြီ။ ဤသို့ဖြင့် ရန်ကုန်-မန္တလေး မီးရထားလမ်းကို ဂျပန်က ဖြတ်တောက်နိုင်လိုက်၏။ မန္တလေးမှာ ထိုသတင်းက ရုတ်ချည်း ရောက်လာကာ တစ်မြို့လုံး တုန်လှုပ်ချောက်ချားကြလေပြီ။

 

 

သို့သော် မန္တလေး သူရိယသတင်းစာက ၁၃ဝ၃ ခု၊ တပေါင်းလဆုတ် ၁ဝရက် အင်္ဂါနေ့၊ (၁ဝ-၃-၁၉၄၂) နေ့ထုတ်တွင် ‘ယခုအခါ မဟုတ်မမှန် သော ကောလာဟလသတင်းများ အနှံ့အပြား ထွက်ပေးနေသော်လည်း မန္တလေးမြို့၏ အခြေအနေမှာကောင်းမွန်ငြိမ်းချမ်းလျက်ရှိနေကြောင်း၊ ရှေ့အဖို့ တစ်စုံတစ်ရာဖြစ်မည့် နိမိတ်လက္ခဏာလည်း ယခုအချိန်အခါအထိအရိပ်အမြွက်မျှ စဉ်းစားတွေးတော၍ မရနိုင်အောင် ရှိနေကြောင်း ရေးသားဖော်ပြပါရှိခဲ့သည်။

 

 

ဂျပန်တွေဝင်ရောက်လာပုံ

ဒါပေမယ့် ၁၃ဝ၃ ခုနှစ်၊ တပေါင်းလဆန်း ၅ရက် (၁၈-၂-၁၉၄၂) ဗုဒ္ဓဟူးနေ့ကတည်းက ဂျပန်လေယာဉ်ပျံတစ်စင်းသည်သတင်းအရ မန္တလေး သို့ ဝင်လာပြီး နန်းတော်အတွင်းက အထက်ဗမာ(မြန်မာ)ပြည် အသင်းတိုက်ကို ဗုံးကြဲဖျက်ဆီးသွားပြီးဖြစ်သည်။ အိန္ဒိယမှ ပြန်လာသော ချန်ကေရှိတ် မန္တလေးသို့ ခေတ္တဝင်လာသည်ဟူသော သတင်းကြောင့် ဤသို့ ဗုံးကြဲခြင်းဟု ဆိုကြ၏။ သို့သော် မန္တလေးသားများက အိမ်ထဲမှထွက်ကာ လမ်းပေါ် စုပြုံရပ်ကြည့်ပြီး စစ်ဘက်အဆောက်အဦများရှိရာ နန်းတွင်းသို့ ဗုံးကြဲသည့် လေယာဉ်အား သြဘာလက်ခုပ်များ ပေးခဲ့ကြသည်။

 

 

စစ်ပြေးများဖြင့် ပြည့်နေသော မန္တလေးတွင် ရုံးများသာမက ဘဏ်များ၊ ကုန်တိုက်ကြီးများ၊ တိုက်ဆိုင်ကြီးများပါပြောင်းရွှေ့လာသဖြင့် ရသမျှ သယ်လာသော ပစ္စည်းများကို ငွေဖြစ်အောင် အလျင်အမြန်ရောင်းချကြသဖြင့် တရုတ်တန်းနှင့်ဈေးချိုမှာ မကြုံစဖူး စည်ကားနေမှုအပေါ် ကျေနပ် ပျော်ရွှင်နေသဖြင့် အတွေ့အကြုံရှိသော အောက်သူအောက်သားများက ”ဒီလိုစည်ကားနေတာ မကောင်းဘူး။ တစ်နေ့နေ့ ဘေးတွေ့လိမ့်မယ်။ ရန်ကုန်မှာလည်း ဒီလိုစည်ကားပြီး ဘာမှမကြာလိုက်ဘူး ဗုံးကြဲခံလိုက်ရတာပဲ” ဟု သတိပေးကြသည်။ သို့သော် မန္တလေးသားများကား ကြောက် ဟန်ပင် မပြကြသေး။ ရောင်းကောင်းဝယ်ကောင်းကြဆဲပင်ဖြစ်သည်။

 

မကြာလိုက်၊ ဧပြီ (၃)ရက် သောကြာနေ့ မနက် ၁၁ နာရီခန့်တွင် အရှေ့ဘက်၊ တောင်ဘက်နှင့် အနောက်ဘက်တို့မှဂျပန်လေယာဉ်ပျံကြီး ပျားအုပ်ကြီးများ ပျံလာသကဲ့သို့ ဝင်ရောက်လာကြသည်။ မန္တလေးသားများက ဗုံးကြဲရန် လာသည်ဟု သိသော်ငြား။ မပုန်းအောင်ကြ၊ မရှောင်တိမ်းကြ။ ဂျပန်လေယာဉ်အုပ်ကြီးက မြို့လယ်လူနေရပ်ကွက်များကို မီးလောင်ဗုံးများနဲ့ပေါက်ကွဲသေကြေ ပျက်စီးစေသော ဗုံးများ ကြဲချသည်။ နိမ့်နိမ့်ပျံဆင်း ပြီး မြင်မြင်သမျှ အရပ်သားများကို စက်သေနတ်နှင့်ပစ်ခတ်သည်။ ဂျပန်လေယာဉ်(၈ဝ)လောက်က မြို့ကို ပိုက်စိပ်တိုက် ဗုံးကြဲပစ်ခတ်၍  တစ်မြို့ လုံးနီးပါး မီးလောင်ပျက်စီးကုန်၏။မြို့သူမြို့သား ၂ဝဝဝ ကျော် ၃ဝဝဝ အတွင်းသေကျေပြီး ၃ဝဝဝ ထက်မနည်း ဒဏ်ရာရရှိကြသည်။ မန္တလေးရေစက်ရုံနှင့် ရန်ကုန်မြူနီစပယ်က မီးသတ်စက်ကြီးများလည်း မီးလောင် ပျက်စီးသွားလေပြီ။

 

 

မန္တလေးတောင်တိုက်ပွဲ

 

ထိုအခါမှ မန္တလေးသားများလည်း ထိတ်လန့်တကြားနှင့် တစ်ဦးနှင့်တစ်ဦး မကယ်မနိုင်ကြတော့ဘဲ ကိုယ့်အသက်ကိုယ်လုကာ ပြေးလွှားကြရတော့ သည်။ ပြန်လည်ဆုတ်ခွာသည့် အင်္ဂလိပ်ကလည်း မြို့၏ လူနေရပ်ကွက်အချို့ကို မီးရှို့ဖျက်ဆီးသွားသဖြင့် တစ်မြို့လုံး မီးလောင်တိုက်သွင်းကာ သတ်ကွင်းကြီးတစ်ခုအသွင် ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ ဤသို့ဖြင့်မေ(၁)ရက်နေ့တွင် မန္တလေးကို ဂျပန်က လုံးလုံးလျားလျားသိမ်းပိုက် နိုင်လိုက်တော့သည်။

 

 

မန္တလေးအား ဂျပန်က သိမ်းပိုက်အပြီး မေလ ၁၂ ရက်နေ့တွင် စစ်အတွင်းကနဦး အစောဆုံးသတင်းစာအဖြစ် ‘တိုင်းချစ်သတင်းစာ’ ထွက်လာ သည်။ ‘ဗမာ့လွတ်လပ်ရေး တပ်မတော်၏ ခွင့်ပြုချက်အရ မန္တလေးမြို့ လက်ဆည်ကန်ရပ် တိုင်းချစ်ပုံနှိပ်တိုက်မှာ ပုံနှိပ်ထုတ်ဝေတယ်’ လို့ သတင်း စာရဲ့ ကျောဘက် အောက်ပိုင်းမှာ ရေးသားထားပြီး ‘အယ်ဒီတာ ဦးမောင်မောင်ခင်’ ကခေါင်းကြီးပိုင်းမှာ ‘အရေးတော်ပုံ အောင်ပြီ’ ဆိုတဲ့ ခေါင်းစဉ် နှင့် ရေးသားခဲ့သည်။ ကနဦးထုတ် တိုင်းချစ်သတင်းစာပါသတင်းများအရ မန္တလေးမြို့သည် စစ်ဘေးဒဏ်ကြောင့် အိမ်ခြေ ၄သောင်း ရှိသည့်အနက် မလောင်ဘဲ ကျန်ရစ်သော အိမ်များမှာလည်း တောကြောင်လူဆိုးများလက်ချက်ဖြင့် ဘာမျှ ရစရာမရှိအောင် ပျက်စီးဆုံးရှုံးသွားကြောင်း သိရှိကြရ သည်။

 

 

မန္တလေးမြိုကတွင် ယာယီဈေးများအနေနှင့် ရှင်အရဟံ သိမ်ဘုရားအနီး တစ်ဈေး၊ ဘုရားကြီးအနောက်ဘက် ငတက်ပြားဈေး ရတနာမဉ္စူ ဘုရားအရှေ့ဘက်တစ်ဈေး၊ စိန်ပန်းရပ်၌ တစ်ဈေး ဖွင့်လှစ်ရောင်းချနေကြောင်း တိုင်းချစ်သတင်းစာကရေးသားခဲ့သည်။ မန္တလေးမြို့တွင်း၌လည်း နန်းတွင်းရှိ ဘုရင်ခံအိမ်တော်၊ လမ်း ၃ဝရှိ ရုံးကြီးနှင့် ဈေးချိုတို့တွင် မြန်မာ့လွတ်လပ်ရေးတစ်မတော်၏ သုံးရောင်ခြယ် ‌ေဒါင်းအလံများ လွှင့်ထူထား သည်ဟု ဆို၏။

 

 

စစ်ကိုင်းတူးတို့ဆိပ်နဲ့ တံတား

ဗြိတိသျှနှင့် တရုတ်စစ်သားများ ဆုတ်ခွာသောအခါ ၁၉၄၂ ခုနှစ်၊ ဧပြီ ၃ဝ ရက်နေ့တွင် အင်းဝတံတားကြီး၏ စစ်ကိုင်းဘက်ဂုံးနှစ်ဂုံးကို ဖောက်ခွဲဖျက်ဆီးခဲ့လေပြီ သို့သော် မန္တလေးသိမ်းအပြီးအထိ မြို့ပတ်ဝန်းကျင်၌ ဗုံးသံအမြောက်သံများ ကြားနေရကြရဆဲဖြစ်၏။ အိန္ဒိယသို့ အလျင်အမြန် ဆုတ်ခွာနေသော ဗြိတိသျှနောက်အား ဂျပန်တပ်က ထပ်ကြပ်မကွာလိုက်ကာ တိုက်ခိုက်နေဆဲဖြစ်သည်။

 

 

အင်္ဂလိပ်အစိုးရက မိုးကုတ်ထောင်ထဲ ဖမ်းဆီးအကျဉ်းချထားခဲ့သော ဒေါက်တာဘမော်ကိုလည်း ထောင်ပြင်သို့ ရောက်အောင် တိတ်တဆိတ် ထုတ်ယူခဲ့ကာ မန္တလေးမြို့သို့ သားမယားများနှင့်တကွ ကျန်းမာစွာ ရောက်ရှိနေပြီဆို၏။ မန္တလေးသို့ ဂျပန်တပ်မဝင်မီကပင် ဒေါက်တာဘမော်အား လိုလားသူမျိုးချစ်ပုဂ္ဂိုလ်တစ်စု၏ ကြံစည်မှုဖြင့် ထောင်မှ လျှို့ဝှက်စွာ ထုတ်ယူနိုင်ခဲ့ကြခြင်းဖြစ်သည်။

 

 

မန္တလေးခရိုင် ဗမာ့လွတ်လပ်ရေးတပ်မတော်ဌာနချုပ်မှ ဗိုလ်ကျော်ခေါင်က သုံးရောင်ခြယ် ဒေါင်းတံဆိပ်လက်စည်းများမှာ ဗမာ့လွတ်လပ်ရေးတပ် သားများအတွက်သာဖြစ်ပြီး ရိုးရိုးအရပ်သားများ တပ်ဆင်ရန် မလိုတော့ကြောင်း၊ အရပ်သားများအနေနှင့် ထိုလက်စည်းလက်ပတ်များ လက်ဝယ်ရှိ နေပါက မိမိတို့ စီရင်စုဆိုင်ရာ ဗမာ့လွတ်လပ်ရေး တပ်ရုံးများသို့ အမြန်ဆုံးပြန်လည်ပေးအပ်ကြရမည်။ ထိုလက်စည်းလက်ပတ်များ တံဆိပ်များကို အရပ်သားများက တပ်ဆင်အသုံးပြုပါက စစ်ဥပဒေအရပြင်းထန်စွာ အရေးယူလိမ့်မည်ဟု ကြေညာချက် ထုတ်ထား၏။

 

 

မန္တလေးမြို့၊ စိန်ပန်းရပ် ကလပ်လမ်းနှင့် ဘီအိုင်အေဈေးအနီးတွင် ၁၉၄၂ ခု၊ မေလ ၁၈ ရက်နေ့ညနှင့် ၁၉ ရက်နေ့ညတို့၌လေဘာတီ အငြိမ့် ဖြင့် အောင်ပွဲခံကပြခဲ့သေးသည်။ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်နှင့် ၈၇ လမ်းတို့တွင် ရုံးစိုက်တပ်စွဲခဲ့သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော် ဗဟိုစစ်ရုံးကိုလည်း မန္တလေးတစ်မြို့လုံး ပြာကျကာ အစားအစာ၊ သောက်ရေ၊ သုံးရေစသည်ဖြင့် ခက်ခဲရှားပါးနေပြီး နားနေရန် အဆောက်အဦအစ လေ့ကျင့်ရန် ကွင်းအထိ မရှိခြင်းကြောင့် အမရပူရသို့ ပြောင်းရွှေ့ခဲ့ပြန်သည်။ မန္တလေးမြို့ ပြုပြင်ရေးအတွက် အဖွဲ့လူကြီးများလည်း ခန့်အပ်ခဲ့၏။

 

၄င်းတို့မှာ (၁)ဦးငြိမ်း(ဥက္ကဋ္ဌ-မေယာ)၊ (၂)ဦးအောင်ပွင့်(ကော်မတီ)၊ ဦးကျော်(လမ်းနှင့် အဆောက်အဦ ဆိုင်ရာချယ်ရာမင်)၊ ဦးကျော်ရန် (ကျန်းမာရေးချယ်ရာမင်)၊ ဦးတော်(ဈေးဌာနချယ်ရာမင်)၊ ဦးဘစီ(တရားဌာနချယ်ရာမင်)၊ ဦးစံရီ(လမ်းခရီးဆိုင်ရာ ချယ်ရာမင်)၊ ဦးဘသင်(အခွန်ဝန်)၊ ဦးစံလှဘော်(ဘဏ္ဍာရေးချယ်ရာမင်)၊ ဦးညွန့်(အိုးအိမ်ရာစီမံရေးချယ်ရာမင်)၊ ဦးကျော်(မီးနှင့် ရေဘက်ချယ်ရာမင်)၊ အေရာဇတ်(သန့်ရှင်းစင်ကြယ် ရေးချယ်ရာမင်)တို့ဖြစ်ကြသည်။ ယာယီဖွင့်လှစ်ထားသော ဈေးများကိုလည်း ဖျက်သိမ်းပြီး ဈေးချို၊ ရဟိုင်းဈေး၊ ဘုရားကြီးဈေး၊ မင်္ဂလာဈေး၊ ညောင် ပင်ဈေး၊ ပုဏ္ဏားဈေး၊ ဂွမ်းရုံဈေးနှင့် နန်းရှေ့ဈေးများ၌သာ တရားဝင်ရောင်းဝယ်ဖောက်ကားကြရန် ညွှန်ကြားခဲ့သည်။

 

 

မန္တလေးကို ဂျပန်က ဗုံးစတင်ကြဲသောအခါ တရုတ်တန်းရပ်ကွက်သည် အထိအနာဆုံးဖြစ်သဖြင့် ဆရာမြို့မငြိမ်းတို့ မိသားစုသည်လည်း အမရပူရှိ တောင်မြို့ ကိုလေးအိမ်သို့ ၂လ၊ ၃လမျှ သွားရောက် ခိုလှုံကြရသည်။ ထို့နောက် မန္တလေးမြို့ အနောက်ပြင် ခင်မကန်တိုက်ရှိ ဘကြီးဦးနန္ဒိယ၏ တရုတ်တန်းကျောင်းသို့ ပြောင်းရွှေ့ကြပြန်၏။ မြို့လုံးကျွတ်နီးပါးမီးလောင်ပြကျပြန်သောအခါ ဧရာဝတီတစ်ဖက်ကမ်း မင်းကွန်းသဲဖြူချောင်းရွာသို့ ပြေးကြရပြန်သည်။

 

 

ဂျပန်သိမ်းပြီးစ ကျောက်မဲက အတော်အတန် တည်ငြိမ်နေပြီဖြစ်၏။ သို့သော် စိတ်မချရသေးသဖြင့် ဆရာငြိမ်းက သူ့မိသားစုကို မြို့ပြင် နန့်ဟူးတောင်းရွာ၌ပင် နေစေသည်။ သူကမူ တပည့်များဖြစ်သော မြစ်သားကိုတင်မောင်၊ ကိုဘသင်၊ ကိုအေးမောင်တို့ စုစည်းဖွင့်လှစ်သည့် ဟို တယ်အတွက် လေထီးစကြီးများဖြင့် လိုက်ကာများ၊ ချုပ်ပေးခြင်း၊ နံရံချိတ်ပန်းချီကားများ ရေးဆွဲခြင်းများ ပြုလုပ်ခဲ့၏။ ဟိုတယ်တွင် ဂျပန်အရာရှိ များ အများဆုံး လာတတ်သောကြောင့် ဂျပန်ကြိုက် အလှမွေးငါးပုံ၊ ချယ်ရီပန်းပုံ၊ ရှုခင်းများ ရေးဆွဲခဲ့ပြီး ပန်းချီကားဘောင်များကိုလည်း ဒေသထွက် ဝါးစိမ်း၊ ဝါးညိုများဖြင့် ဆန်းဆန်းပြားပြား တီထွင်ပေးခဲ့သည်။

 

 

ကျောက်မဲ၌ တစ်နှစ်ခန့် ခိုလှုံပြီး မန္တလေး ပြန်ဆင်းလာသောအခါ မန္တလေးသည် ဂျပန်၏ လက်အောက်၌ ထင်သလိုမဟုတ်ဘဲ ပြားပြား မှောက်နေဆဲဖြစ်၏။ အပေါင်းအသင်းတွေလည်း စစ်ကိုင်းတောင်ရိုးမှာ စစ်ခိုစစ်ပြေးနေကြဆဲဖြစ်သည်။ကိုရင်လေးက နိဗ္ဗိန္ဒချောင်မှာတဲ့ …။ နိဗ္ဗိန္ဒချောင်မှာ မြို့မအသင်းသားအများစု ရောက်နေကြသည်။ ဝါးချက်ရွာ ရွှေဇာလီချောင်မှာစန္ဒရားဆရာ ကိုဘဒင်မိသားစု ရှိနေသည်။ ဆရာငြိမ်း မိသားစုသည် မန္တလေးရောက်ရောက်ချင်း စစ်ကိုင်းသို့ ကူးကြပြန်သည်။ဝါးချက်ရွာ ရွှေဇာလီချောင်အထက် ကိုက် ၃ဝဝ အကွာ တောင်နံရံ၌ ကျောက်ဂူတစ်လုံးထွင်းပြီး စစ်ပြီးဆုံးသည်အထိ ဆရာငြိမ်းတို့ မိသားစု ခိုလှုံခဲ့ကြသည်။

 

 

တကယ်တော့ စစ်ခိုလှုံသည်ဆိုသော်လည်း စစ်ကိုင်းတောင်ရိုးသည် မန္တလေးတစ်မြို့လုံး၏ ပရိသတ်ဖြင့် အေးချမ်းစွာစည်ကားနေသည်။ ဝါးချက်ရွာလောက်၌သာ ကနဦးအစက ဂျပန်လေယာဉ်၊ ဂျပန်စစ်သားအရောက်အပေါက်ရှိပြီး နောက်ပိုင်း၌စစ်ကိုင်းတောင်ရိုးတစ်ခုလုံး အေးချမ်း သလောက်ဖြစ်နေသည်။ ထို့ကြောင့် စစ်ကိုင်း၌ စစ်ခိုနေကြသော မြို့မအသင်းသားများလည်း ဝါသနာအရင်းခံမို့ စုစည်းမိကြကာ အဆို၊ အတီး အလုပ်တွေ စတင်လာကြပြန်သည်။ နိဗ္ဗိန္ဒချောင်ရှိ ကိုရင်လေး၏လက်ဖက်ရည်ဆိုင်မှာ မနက်တိုင်း စုဝေးကြပြီး မန္တလေးမှာကဲ့သို့ပင် ဂီတ အကြောင်း ပြောဆိုကြ၊ ဖန်တီးကြတော့သည်။

 

 

စစ်ကိုင်း၌ ရှိနေစဉ်ကာလအတွင်း အလှူ၊ မင်္ဂလာ၊ ဘုရားပွဲ ကျောင်းပွဲများ၌ မြို့မအသင်းက ရရာ တူရိယာပစ္စည်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြ သည်။ စစ်ကိုင်းတောင်ရိုးရှိ ချောင်များမှ တရုတ်စကားပင် အုတ်ပလ္လင်ကြီးများတွင်အောက်လင်းဓာတ်မီး ထိန်ထိန်ညီးကာ မြို့မတီးဝိုင်းကို အစဉ် အလာမပျက် တီးကာ မှုတ်ကာ၊ သီကာဆိုကာ ကကာခုန်ကာ တွေ့နေရမြဲဖြစ်ပါသည်။ စစ်ကိုင်းတောင် သစ္စာဝါဒီချောင်၌ စစ်ခိုလှုံနေကြရသော မန္တလေးမြို့ တရုတ်တန်းဈေးပိုင်ရှင် အဝိန်ကိုး၏သမီး မင်္ဂလာဆောင်၌ပင် မြို့မက မပျက်မကွက် ဧည့်ခံခဲ့ပါသေး၏။

 

 

စစ်ကိုင်းတောင်၌ စစ်ခိုလှုံနေစဉ် ဆရာငြိမ်းသည် ကမ်းဆိပ်ရိပ်သာ သီတာရေယဉ် ဧရာခွေဝန်း၊ သောင်ထွန်းတဲ့တစ်ဖက်ကျွန်းဆွယ်’ အစချီ ရေချိုးဆိပ်သီချင်းနှင့် ‘ပြာပြာမှိုင်းမှိုင်း မြူခိုးလွင်ဆိုင်းရီ၊ တောင်တွေညိုညို့ ညို့ဝေရီ အစချီသီချင်း(၂)ပုဒ်ကို ရေးစပ်ခဲ့လေသည်။

 

ရေချိုးဆိပ်သီချင်းတွင် ဂျပန်ခေတ်က ကုန်ကြမ်းပစ္စည်းရှားပါးမှုကြောင့် ရရာအမဲဆီများဖြင့် ချက်လုပ်သော ဆပ်ပြာခဲများကိုသာ အသုံးပြုရ သဖြင့် အဆင်မပြေဖြစ်ရပုံကို ‘အနားက အလွားအို … အဝတ်လျှောက်နေရင်း ဆပ်ပြာကို ဆဲတော့ဖောင်စွန်းတိုင်ပင် ရေတွေဝင်ပါတယ်’ ဟု ရေးစပ်ခဲ့သည်။

 

ဆရာညှာ

အလားတူ မန္တလေးမြို့က သီချင်းရေးဆရာတစ်ဦးဖြစ်သည့် ဆရာညှာကလည်း မင်းကွန်းတောင်ရိုးရှိ မဟာဂီရိချောင် သဲဂူထဲ၌စစ်ပြေးရှောင် တိမ်းရင်း ”စစ် အောင်နိုင်ရေး’၊ ‘သီရိဓမ္မာသောက’နှင့် ‘ပြည်တော်ဝင်’ သီချင်းများကို ရေးစပ်ခဲ့လေသည်။

 

 

ဆရာမြို့မငြိမ်း၏ ‘ရေချိုးဆိပ်’ သီချင်းသည် စစ်ကိုင်းသရက်ပင်ဆိပ်၏ ရှုခင်းအလှနှင့်အတူ မြန်မာအမျိုးသမီးငယ်လေးများ ရေဆိပ်၌ ရေချိုး ဆင်းကြပုံ၊ လူငယ်သဘာဝ ဖိုမပိုးပန်းကြပုံများကို ပန်းချီကား တစ်ချပ်သဖွယ် လှလှပပ ခြယ်မှုန်းပြပြီး မြစ်ဆိပ်၏ မြင်ကွင်းအား အနုစိတ်စရိုက်ပေါ် အောင် ပြသနိုင်ခဲ့သည်။

 

 

‘နေခြည်နှင့်အသား၊ ရွှေရည်နှင့် ပတ္တမြား … ပနံစားတယ်၊ နုမျစ်ပျိုရွယ် … ဖူးသစ်လုံမပျိုရယ်…’ ဟူသော အဖွဲ့အနွဲ့သည်မြန်မာအမျိုး သမီး အပျိုရွယ်လေး၏ အသားအရေနှင့် လှသွေးကြွယ်ပုံကို ဆည်းဆာနေခြည်ဝါ၌ ခံစားရမှုအား ‘ရွှေရည်နှင့်ပတ္တမြား’ဟု ဖွဲ့နွဲ့လိုက်ပေ၏။

 

ဆရာညှာ၏ ‘ပြည်တော်ဝင်’ကလည်း စစ်ကြောင့် ခိုလှုံနေကြသော စစ်ကိုင်းတောင်ရှိ မန္တလေးသားများနှင့် ကျန်ရစ်ခဲ့ရှာသော မန္တလေးသား များနှင့် ကျန်ရစ်ခဲ့ရှာသော မန္တလေးသားများ မမေ့လျော့ မေတ္တာမပျက် နှုတ်ခွန်းဆက်သကာ မြို့ပျက်ကြီးအား ပြန်လည်ထူထောင်ဖို့ အားမာန်များ တနင့်တပိုး ပေးစွမ်းနိုင်ခဲ့သည်။

 

 

မြရောင်လွှမ်း၍ သင်းသင်းမွှေးသော တရုတ်စကားရိပ်တွင် (၃)နှစ်တာမျှ စစ်ခိုလှုံကြအပြီး ၁၉၄၅ ခု၊ မတ်လ ၂၁ ရက်နေ့တွင် မန္တလေးမြို့၌ ရန်သူတစ်ဦးယောက်မျှ မကျန်ရစ်ခဲ့တော့ဟု ကြေညာကာ မဟာမိတ်က ပြန်လည်သိမ်းပိုက်အပြီး စစ်ကြီးပြီးဆုံးတော့သည်။ ထို့နောက် စစ်ကိုင်းချောင်၊ မင်းကွန်းချောင်အသီးသီးတွင် ခိုလှုံနေကြသော မြို့မအသင်းသားတွေကလည်းမန္တလေးသို့ တစ်စုတစ်ဝေး ပြန်ကြလေပြီ။ အမရပူရစံရွေး ကူးတို့ဆိပ်မှ စစ်လက်ကျန် ထရပ်ကားကြီးပေါ် စုပြုံတက်ကာ ရရာတူရိယာပစ္စည်းများဖြင့် မန္တလေးမြို့တွင်းအထိ သီဆိုတီးမှုတ်ခဲ့ကြ၏။ နားထောင် ကြည့်စမ်းပါဘိ။

 

 

”အခါတော် ရောက်ချိန် နီးလို့လာပြီလေ၊ ဒေါ်ဒေါ်မမ … နှမတို့တစ်တွေ … အသည်းစွဲချစ်မိတ်ဆွေ၊ ခေတ္တခွဲလို့နေ မြို့မနှင့်အတူတကွ လိုက်ပါနိုင်စေ အောင်စည်ရွမ်းသံ ကြားရပြီထင့်၊ ပြည်တော်ဝင်မယ်လေ …”တဲ့။

 

ထိုနေ့သည်ကား  ၁၉၄၅ခုနှစ် မတ်လ ၂၃ ရက်…။

 

ဆူးငှက်

 

#voiceofmyanmar #VOM #ဆူးငှက် #ပြည်တော်ဝင်၇၉

 

 

 

 

Related posts

Leave a Comment

VOM News

FREE
VIEW