မတ် ၊ ၂၁ ၊ ၂၀၂၄
TT (VOM)
မန္တလေးတိုင်း ၊ တံတားဦးခရိုင် ၊ တံတားဦးမြို့နယ် ၊ ထနိးလုံးတပ်ကျေးရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာတဦးနဲ့ သူ့ရဲ့အဖေဖြစ်သူကို မနေ့ မတ် ၂ဝ ရက် နေ့လယ်ပိုင်း ၁၂ နာရီဝန်းကျင်က ပစ်သတ်ခံရတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
” မနေ့က နေ့ခင်းပိုင်းက ထန်းလုံးတပ်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲက မူလတန်းပြ ကျောင်းဆရာဖြစ်တဲ့ ကိုချစ်ဇော်ဦး (၂၆) နှစ်ဟာရွာထဲလမ်းမှာ စက်ဘီးစီးနေတုန်း ပစ်သတ်ခံရတယ် ၊ ကျောင်းဆရာကို ပစ်သတ်သွားတဲ့ အမည်မသိ( စုံစမ်းဆဲ) လူနှစ်ယောက်က ကျောင်းဆရာ ဦးချစ်ဇော်ဦးကို ပစ်သတ်ပြီးနောက် ကျောင်းဆရာရဲ့နေအိမ်ကို သွားပြီး ကျောင်းဆရာရဲ့ အဖေဖြစ်သူ ဦးဇော်ဝင်းမြင့် ၆၁ နှစ်ဆိုသူ ပစ်သတ်ပြန်တယ် ၊ အဲဒါကြောင့် မနေ့က ရက်တည်းမှာ ထန်းလုံးတပ်ရွာနှစ်လောင်းပြိုင် လူသတ်မှုဖြစ်သွားတယ် ” လို့ ပရဟိတသမားတယောက်က ပြောပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တံတာဦးခရိုင် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူတယောက်က ” ကျောင်းဆရာ ဦးချစ်ဇော်ဦး စက်ဘီးစီးနေတဲ့အချိန် သူ့စက်ဘီးနောက်က ဆိုင်ကယ်တစီး နဲ့လူနှစ်ယောက်က လိုက်လာပြီး ပစ်သတ်တယ် ၊ အဲဒီနောက် သေနတ်သမားနှစ်ယောက်က ကျောင်းဆရာရဲ့ အိမ်ကိုသွားပြီး ကျောင်းဆရာရဲ့ အဖေဖြစ်သူကိုပါ ပစ်သတ်တယ် ၊ အမှုဖွင့် အရေးယူထားတယ် ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း မတ် ၁၉ ရက် ၊ ညနေပိုင်းက မန္တလေးတိုင်း ၊ မိတ္ထီလာခရိုင် ၊ ဝမ်းတွင်းမြို့နယ် ၊ သီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ပု (ဒေသအခေါ် လက်တို မောင်ပု)ဆိုသူ ပစ်သတ်ခံရသလို မတ် ၁၄ ရက် ညနေပိုင်း ၇ နာရီဝန်းကျင်က ဝမ်းတွင်းမြို့နယ် ၊ ညောင်အုပ်ဖီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင့်ဆန်း ၄၂ နှစ်ဆိုသူ ပစ်သတ်ခံရပါသေးတယ်။
မန္တလေးတိုင်း တောင်ပိုင်းမှာရှိတဲ့ ဝမ်းတွင်း ၊ နွားထိုးကြီး ၊ မလှိုင် ၊ တောင်သာ ၊ ငါန်းဇွန် ၊ မြင်းခြံ နဲ့ မန္တလေး မြောက်ပိုင်းမှာရှိတဲ့ မတ္တရာ ၊ စဉ့်ကူး ၊ သပိတ်ကျင်း စတဲ့မြို့နယ်တွေမှာ ဒီနှစ် ၊ နှစ်လအတွင်း လူသတ်မှုတွေ အဖြစ်များတယ်လို့ သိရပါတယ်။