ရေနံချောင်းနယ်မှာ ထွေ/အုပ်ရုံးကနေ ပြန်လာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှုး နဲ့ စာရေးဖြစ်သူတို့ ပစ်သတ်ခံရ

မတ် ၂၁ ၊ ၂၀၂၄
TT (VOM)

မကွေးတိုင်း၊ ချောက်ခရိုင် ၊ ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာ အုပ်စု ၊ အုပ်ချုပ်ရေးမှုးနဲ့ ထွေအုပ်စာရေးတယောက်ဟာ မနေ့ မတ် ၂၀ က မြို့နယ်ထွေအုပ်ရုံးကနေ ပြန်အလာ လမ်းမှာ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“မနေ့က မြို့နယ်ထွေအုပ်ရုံးကို သွားကြတယ် ၊ အဲဒီကနေ ရွာကို ဆိုင်ကယ်နဲ့ ပြန်အလာ သတ်ခံရတာဖြစ်တယ် ၊ သေဆုံးသူတွေကတော့ အုတ်ရှစ်ကုန်း ကျေးရွာ ၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နဲ့ ကျေးရွာ ထွေအုပ်စာရေး ဦးဆန်းနိုင်တို့ နှစ်ယောက်ဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ရေနံချောင်းမြို့နယ်က အုတ်ရှစ်ကုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးဦးဝင်းနိုင်နဲ့ စာရေး ဆန်းနိုင်တို့ နှစ်ယောက်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက သတ်ခဲ့တယ်လို့ လူမှုကွန်ရက်တွေပေါ်မှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရေနံချောင်းမြို့နယ် လုံခြုံရေးအဖွဲ့က အခင်းဖြစ်နေရာကို သွားရောက်စစ်ဆေးပြီး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၈ ရက် ၊ ညပိုင်းက မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ် ၊သရက်တောတိုက်နယ် ၊ ပခက်တိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ထူး အသက် ၅၀ နှစ်ဆိုသူကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းမှာ စလင်း ၊ အောင်လံ ၊ မင်းဘူး ၊ မင်းလှ ၊ တောင်းတွင်းကြီး ၊ ချောက် စတဲ့မြို့နယ်တွေမှာ ရပ်/ ကျေး အုပ်ချုပ်ရေးမှုတချို့ သတ်ဖြတ်ခံရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ နိုင်ငံရေး အခင်းအကျင်း ပြောင်းလဲဖြစ်ပေါ်ပြီးနောက် မကွေးတိုင်းမှာရှိတဲ့ မြို့နယ် ၂၆ မြို့နယ် ၊ မြို့ပေါင်း ၃၂ မြို့ ၊ ရပ်ကွက်ပေါင်း ၁၉၉ ရပ်ကွက် ၊ ကျေးရွာအုပ်စုပေါင်း ၁၅၃၈ အုပ်စု နဲ့ ကျေးရွာပေါင်း ၄၇၈၈ ရွာရှိခဲ့ရာက အခုဆိုရင် ဆော ၊ ကျောက်ထု ၊ ပေါက် ၊ ထီးလင်း ၊ ဂန့်ဂေါ ၊ ကျော ၊ ဆိပ်ဖြူ ၊ ရေစကြို ၊ မြိုင် စတဲ့ မြို့နယ်တွေမှာ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အသတ်ခံရလို့ အခုထိ အုပ်ချုပ်ရေးမှူး နေရာ လုပ်မယ့်သူ မရှိဘူးလို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW