သင်္ဃန်းညီနောင်တိုက်ပွဲ ပိုမိုပြင်းထန်လာလို့ မြို့လုံးကျွတ်နီးပါး စစ်ရှောင်နေရ

 

မတ် ၂၁ – ၂၀၂၄
SN (VOM)

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သင်္ဃန်းညီနောင်မြို့သစ်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာလို့ မြို့လုံးကျွတ်နီးပါး စစ်ရှောင်နေရတယ်လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတွေဆီက သိရပါတယ်။

သင်္ဃန်းညီနောင်မြို့သစ်မှာ မတ်လ ၇ ရက်နေ့ကတည်းက နစကတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တော် (KNLA) မဟာမိတ်ပူးပါင်းတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာဟာ ရက်သတ္တပတ် နှစ်ပတ် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

“တိုက်ပွဲကတော့ သင်္ဃန်းညီနောင် ၃၅၅ မှာ စဖြစ်တာပေါ့။ အခုတော့ ၃၅၆၊ ၃၆၇၊ ၂၇၅ ဗျူဟာကုန်း၊ နောက် ဝှေ့ရှမ်း၊ မဲ့ပလေ့၊ ညောင်နန်း စသဖြင့် ပြန့်လာတာပေါ့။ စစ်မြေပြင် ကျယ်သွားတာပေါ့။ စစ်မြေပြင် ကျယ်သွားတော့ စစ်ရှောင်ပိုပေါလာတာပေါ့။ တိုက်ပွဲကတော့ ငြိမ်တယ်လို့တော့ သိပ်မကြားသေးပါဘူး” လို့ စစ်ရှောင်အရေး ဆောင်ရွက်နေသူတယောက်က ပြောပါတယ်။

တိုက်ပွဲကြောင့် မြဝတီမြို့ပေါ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အပါအဝင် ဘုန်းကြီးကျောင်းတွေမှာ အရေးပေါ် စစ်ရှောင်စခန်းတွေ ဖွင့်ထားရတယ်လို့ သိရပြီး အရင်က စစ်ရှောင်အရေအတွက် သုံးထောင်ကျော်ရှိပေမယ့် လက်ရှိမှာ အရေအတွက်တွေ တိုးလာနေပြီး အတိအကျပြောလို့ မရနိုင်သေးဘူးလို့ သူက ပြောပါတယ်။

“အခုက စစ်ရှောင်တွေက ဗကကျောင်းတွေ၊ ဘုန်းကြီး‌ကျောင်းတွေ၊ ဓမ္မာရုံတွေ၊ စာသင်ကျောင်းတွေမှာ နေနေရတော့ သူတို့အတွက် ရေချိုးခန်း၊ အိမ်သာတွေက မလုံလောက်တော့ဘူး။ လူတွေကများလာတော့ အခက်အခဲတွေဖြစ်လာတယ်။ အခုပုံစံက ဟိုးအရင် ကိုဗစ်က ဖြစ်သလိုမျိုးတွေ။ တနေရာထဲမှာ လာပြုံနေတော့ အခက်အခဲကတော့ ဘာပြောကောင်းမလဲ။ တချို့ကျတော့လည်း အဝတ်အစားယူနိုင်တဲ့သူပါမယ်။ တချို့ကျတော့လည်း အဝတ်အစားမယူနိုင်ဘူး၊ အဆက်အသွယ်ပြတ်နေတဲ့သူပါမယ်၊ ပြီးတော့ အဲဒီထဲမှာ ကလေးလေးတွေလည်း တပြုံကြီးပါတာပေါ့။ အဓိကကတော့ ခုချိန် သူတို့ကို ကျွန်တော်တို့ လုပ်ပေးနိုင်တဲ့အပိုင်းသည် အသက်ရှင်ဖို့အတွက်တော့ ထမင်းကျွေးနိုင်တယ်ပေါ့။ ဒါပေမယ့် တခြား တကိုယ်ရေတကာယ သောက်ရေ၊ သုံးရေ၊ ချိုးရေ၊ နောက်တခု ဆေးဝါး၊ အဲ့ဒါတွေအများကြီး လိုအပ်ချက်ရှိနေပါသေးတယ်။ ဗကကျောင်းတွေမှာလည်း သူတို့လည်း နိုင်သလောက်တော့ လုပ်နေတာပဲ။ အလှူရှင်ဆိုတာကလည်း အမြဲတမ်းလည်း ရှိနေနိုင်မှာမဟုတ်ဘူးလေ။ သူတို့လည်း လှူနိုင်သလောက်တော့ လှူနေမှာပေါ့။ အဲ့တော့ တိုက်ပွဲဖြစ်နေတဲ့ ကာလတလျှောက်လုံးတော့ စစ်ရှောင်ဆိုတာလည်း ရှိနေဦးမှာပဲလေ။ လိုအပ်ချက်ကတော့ အစစအရာရာ အကုန်လုံးက လိုနေတာချည်းပါပဲ” လို့ သူက ပြောပါတယ်။

လက်ရှိ အခက်အခဲတွေကြောင့် အခုလိုပဲ တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ်ဆိုရင် အစိုးရဘက်ကသော်လည်းကောင်း၊ အရပ်ဘက် အဖွဲ့အစည်းတွေဘက်ကသော်လည်းကောင်း စစ်ရှောင်စခန်းတွေ သတ်သတ်မှတ်မှတ် ဖွင့်ပေးစေချင်တယ်လို့ သူက ပြောပါတယ်။

“ကျွန်တော်တို့ ကိုဗစ်ကာလတုန်းက အတွေ့အကြုံအရ ပြောရရင် ကျွန်တော့်မျက်လုံးထဲမှာ ဘာပြေးမြင်လဲဆိုတော့ ဒါတွေအကုန်လုံးက ပြည်တော်ပြန်သာသာပါပဲ။ ကိုဗစ်ကာလတုန်းက ထိုင်းမှာ ဖမ်းမိလို့ ပြန်လာတယ်၊ အလုပ်မရှိလို့ ပြန်လာကြတယ်။ ပြန်စရာနေရာမရှိဘူး၊ သွားစရာ နေရာမရှိဘူး၊ တချို့လူတွေ အိမ်မပြန်ချင်ဘူး။ အခုလည်း စစ်ရှောင်တွေထဲမှာ အဲ့လိုလူတွေပါနေတယ်။ ဘုန်းကြီးကျောင်းတို့ စာသင်ကျောင်းတို့ ဆိုတာကလည်း ရေရှည်နေလို့ကောင်းတဲ့ နေရာတွေ မဟုတ်ဘူးလေ။ ကျွန်တော်ပြောချင်တာက အခုလိုမျိုး တိုက်ပွဲတွေ ဆက်ဖြစ်နေမယ်ဆိုရင် စစ်ရှောင်စခန်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ သီးသီးသန့်သန့်လေး နေရာလေးတခုနဲ့ပေါ့ ဖြစ်စေချင်တယ်။ ဘာလို့လဲဆိုတော့ အခုဟာက စစ်ရှောင်တယ်ဆိုပေမယ့်လည်း အကုန်လုံးက ဟုတ်ချင်မှဟုတ်မှာ။ အဲ့ထဲမှာ တခြားရပ်ရွာတွေထဲက စားသောက်နေရေး ခက်ခဲလို့၊ မလုပ်နိုင်မကိုင်နိုင်လို့ ရောပြီး လာနေနေတဲ့သူတွေလည်း ပါပါတယ်။ ဒါအမှန်တရားပဲ။ ဒီထဲမှာက စစ်ရှောင်လည်းပါတယ်၊ စစ်မရှောင်လည်း ပါတယ်၊ ဒုက္ခတကယ်ရောက်နေတဲ့သူရော၊ ဒုက္ခ တကယ်မရောက်ဘဲနဲ့ ထမင်းအလွယ်ရလို့ လာစားနေတဲ့သူလည်း ပါတယ်။ အဲ့တော့ ကျွန်တော်ဖြစ်စေချင်တာကတော့ စစ်ရှောင်ဆိုရင်လည်း စစ်ရှောင်စခန်းပေါ့၊ ရှုပ်ရှုပ်ရှက်ရှက် မရှိဘဲနဲ့ သီးသီးသန့်သန့်လေး ဖြစ်စေချင်တယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် တိုက်ပွဲတွေဖြစ်ပွားနေဆဲ သင်္ဃန်းညီနောင်မှာ တိုက်ပွဲကြောင့် လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရသလို စက်သုံးဆီအရောင်းဆိုင်၊ နေအိမ်တွေ၊ စျေးဆိုင်တွေ၊ ဖုန်းဆိုင်တွေပေါ် လက်နက်ကြီးကျည်ကျရောက်လို့ ပျက်စီးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

“အခုက တမြို့လုံးနီးပါး စစ်ရှောင်နေကြရတာ။ မြို့ထဲမှာ လူနည်းနည်းပဲ ကျန်တော့တယ်။ တချို့ကျတော့လည်း နေရပ်ကို မစွန့်ခွာဘဲ ကိုယ့်အိမ်ကိုယ့်ရာမှာကပ်ပြီး နေနေတာကြောင့် အသက်ဆုံးရှုံးတာတွေလည်း ရှိတယ်။ မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းကလည်း သင်္ဃန်းညီနောင်မြို့သစ်က ချစ်ကြည်ရေး စက်သုံးဆီအရောင်းဆိုင်‌ပေါ်ကို ဗုံးသီးကျပြီး ပေါက်ကွဲခဲ့တာရှိတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

တိုက်ပွဲကာလအတွင်း နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေရဲ့ နေအိမ်တချို့ ဖောက်ထွင်းခံရပြီး ပစ္စည်းတွေ ခိုးယူခံရတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် သင်္ဃန်းညီနောင် ကျေးရွာအုပ်စု၊ အာရှလမ်းမကြီးပေါ်မှာ ယာဉ်အသွားအလာ မရှိတော့ဘဲ မြို့ရှောင်လမ်းဖြစ်တဲ့ ထို့ကော့်ကိုး – ကျော်ခိုလမ်းကိုသုံးကာ သွားလာနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၇ ရက်နဲ့ ၈ ရက်ကလည်း တိုက်ပွဲကြောင့် သင်္ဃန်းညီနောင်၊ ရွာသစ်ရွာရှိ နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး မြဝတီသဘာ၀တရားရိပ်သာ ဘိုးဘွားဂေဟာကိုလည်း လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် ဂေဟာမှာရှိတဲ့ အဘိုးနှစ်ယောက် သေဆုံးခဲ့ကာ ရှစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး – မြန်မာ (United Nations OCHA Myanmar) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်မှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ ဆက်လက် ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူဦးရေ ၂ ဒသမ ၈ သန်း ကျော်လွန်လာပြီဖြစ်ပြီး လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့တွေဟာ လူမှုဘဝ ကယ်ဆယ်ရေးအကူအညီတွေ ဆက်လက် ဆောင်ရွက်နေပေမယ့် ရန်ပုံငွေကျပ်တည်းမှုတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါအပြင် မြန်မာအတွက် လူသားချင်းစာနာမှုဆိုင်ရာ အစီအစဉ်အရ မတ်လ ၁၈ ရက်နေ့အထိ လိုအပ်တဲ့ ရန်ပုံငွေရဲ့ ၇ ရာခိုင်နှုန်းသာ ရရှိထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးနဲ့ ကနီမြို့တွေမှာ တိုက်ပွဲတွေကြောင့် လူပေါင်း နှစ်သောင်းလေးထောင်ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ရှမ်းပြည်နယ် (တောင်ပိုင်း) က ပင်လောင်းမြို့မှာလည်း ကျေးရွာ ၁၇ ရွာက လူပေါင်း တသောင်းကျော် ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲ့ဒီ့လိုပဲ ကရင်နဲ့ တနင်္သာရီတို့မှာလည်း တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် လူပေါင်း တသောင်းနှစ်ထောင်ကျော် ထွက်ပြေးခဲ့ရသလို ရခိုင်မှာလည်း မြို့နယ် ၁၅ မြို့နယ်အထိ တိုက်ပွဲဒဏ်ခံနေရတယ်လို့ သိရပါတယ်။
လူနေရပ်ကွက်တွေ အပါအဝင် နေရာအများအပြားကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားတွေရဲ့ အသက်ဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွား ခြိမ်းခြောက်နေတယ်လို့ United Nations OCHA Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW