တရုတ်နိုင်ငံရဲ့ နယ်စပ်အလုပ်သမား မူဝါဒသစ်အရ လုပ်ငန်းရှင်ရော မြန်မာအလုပ်သမားတွေပါ အခက်တွေ့

မတ် ၂၂၊ ၂၀၂၄
Shy V

တရုတ် – မြန်မာ နယ်စပ်မှာ တရုတ် လုပ်ငန်းရှင်တွေနဲ့ မြန်မာ လုပ်သားတွေ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဖြစ်နေပေမယ့် တရုတ်နိုင်ငံရဲ့ ဥပဒေအရ တပတ်ကဒ်နဲ့ အလုပ်လုပ်ခွင့်မရှိကြောင်း နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

“အလုပ်ရှင် အလုပ်သမား အခြေအနေကတော့ မြန်မာလုပ်သားတွေ မရှိရင်လည်း ဒီ တရုတ်လုပ်ငန်းရှင်တွေ အဆင်မပြေ သလို မြန်မာလုပ်သားတွေ အနေနဲ့လည်း တရုတ်လုပ်ငန်းတွေ မရှိဘူးဆိုရင် အဆင်မပြေပါဘူး။” လို့ ရွှေမြန်မာအွန်လိုင်း အရေးပေါ် ကျန်းမာရေးကူညီမှုအသင်း (ရွှေလီ)က ဥက္ကဋ္ဌ ကိုချမ်းမြေ့က ပြောပါတယ်။

အရင်ကတည်းက ရှိနေတဲ့ လူဟောင်းတွေ အခက်အခဲ ပြဿနာ မရှိပေမယ့် လက်ရှိမှာ မြန်မာလုပ်သား အသစ်တွေ အရမ်းများပြီး ဝင်လာတဲ့အချိန်မှာ လုပ်ငန်း ရှားပါးမှုတွေ ဖြစ်လာတဲ့အပြင် နေမှုထိုင်မှုတွေ စရိတ်စက ပြတ်လပ်မှုတွေ မြေပြင်အခြေအနေမှာ ကြုံတွေ့နေရတာကို ကူညီ ဖြေရှင်းပေးနေရတော့ တွေ့နေတယ်လို့ သူက ပြောပါတယ်။

တရုတ်နိုင်ငံမှာလည်း ရွှေလီမြို့က သက်ဆိုင်ရာ လုပ်ငန်းခွင်တေွ ဖြစ်တဲ့ စည်ပင်၊ သန့်ရှင်းရေး၊ ဆိုင်ဝန်ထမ်း၊ ကုန်စုံဆိုင်၊ စတိုးဆိုင်၊ ကျောက်လုပ်ငန်း စတဲ့ လုပ်ငန်းခွင် အသီးသီးမှာဆိုရင် မြန်မာနိုင်ငံသားတွေ အများဆုံး ဝန်ထမ်း ဖြစ်ကြတယ်လို့ သူက ရှင်းပြပါတယ်။

“မူဆယ် ဒေသခံ တွေက တစ်နှစ်စာ BP (နယ်စပ်ဖြတ်ကျော်ခွင့်) စာအုပ်တွေ ရပေမယ့် ကျနော်တို့ တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်က လူတွေ မူဆယ်ကို ထွက်ပြီးတော့ အထောက်အထား လုပ်မယ်ဆိုရင် ဒီ BP စာအုပ်က ကျနော်တို့ လုပ်မရတဲ့အတွက် ဘယ်သူမှ ထွက်လို့ အဆင်မပြေဘူး။ မပြေတဲ့ အနေအထားမှာ TBP (ယာယီ နယ်စပ်ဖြတ်ကျော်ခွင့် တပတ်ကဒ်) လုပ်ပြီး ဝင်မယ်ဆိုတော့လည်း ၇ ရက်ပဲ ရတယ်။” လို့ သူက ပြောပါတယ်။

တရုတ်ဘက်မှာလည်း တပတ်ကဒ်နဲ့ အလုပ်လုပ်ခွင့်မရှိတဲ့အပြင် နေထိုင်ခွင့်သက်တမ်းလွန်နေတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးကာ မြန်မာဘက် ပြန်လည်ပို့ဆောင်နေတာဖြစ်ပေမယ့် ကိုဗစ် မတိုင်ခင်ကာလကတည်းက တရုတ်နယ်စပ်မှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား လုပ်သားဟောင်းတွေ အနေနဲ့တော့ အလုပ်ရှိပြီး အလုပ်ရှင် သူဌေးအာမခံရှိရင် အလုပ်လုပ်ခွင့်ပြုဖို့တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

တရုတ်ဘက်ကတော့ တရုတ်ဘက်ရောက် မြန်မာလုပ်သားတွေအနေနဲ့ နေထိုင်ခွင့် သက်တမ်း ကုန်ဆုံးနေသူတွေ မြန်မာဘက်ထွက်ပြီး အထောက်အထားအသစ် ပြုလုပ်ကာ ပြန်လည် ဝင်ရောက်လာကြဖို့၊ နေထိုင်ခွင့် သက်တမ်းကုန်လွန်နေသူတွေကို ဖမ်းဆီးစစ်ဆေးသွားမှာဖြစ်ကာ သတ်မှတ်ထားတဲ့ ဥပဒေကို ချိုးဖောက်ပါက ပြည်ဝင်ခွင့် တစ်နှစ် ကနေ ငါးနှစ် အထိ ပိတ်လိုက်မှာဖြစ်ကြောင်း ပြီးခဲ့တဲ့ လက အသိပေးကြေညာစာ ထုတ်ထားပါတယ်။

လက်ရှိမှာတော့ တရုတ်ဘက် ရွှေလီ၊ မံစီ တွေဘက်မှာ နေထိုင်ခွင့်သက်တမ်းလွန်နေတဲ့မြန်မာလုပ်သားတွေကို နေ့တိုင်းဖမ်းဆီးပို့ဆောင်နေကြောင်း တရုတ်ဘက် ရောက်နေတဲ့ မြန်မာလုပ်သားတွေက ပြောပါတယ်။

လက်ရှိ တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်စပ်ရဲ့ သတ်မှတ်ချက် ဥပဒေအရ မြန်မာ နဲ့ တရုတ် ထိစပ်နေတဲ့ နှစ်ဖက်က ခရိုင် ဒေသခံတွေကိုသာ နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ထုတ်ပေးကာ အလုပ်လုပ်ခွင့်ပေးထားတာဖြစ်ပြီး ခရိုင်ကျော်လွန် သွားလာခွင့် မရှိသလို ယာယီနယ်စပ်ဖြတ်ကျော်ခွင့် တပတ်ကဒ်နဲ့လည်း အလုပ်လုပ်ခွင့်မရှိပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW