မြဝတီ တောထဲလမ်းတွေ ပိတ်တော့မယ်လို့ သတင်းတွေထွက်လာပေါ်ပြီးနောက် ခရီးသည်တယောက် ကားခ နှစ်သိန်းခွဲဖြစ်နေ

မတ် ၊ ၂၂ ၊ ၂၀၂၄
TT (VOM)

ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့ကို သွားလာနေတဲ့ တောထဲကားလမ်းတွေဟာ လာမယ့် မတ် ၂၅ ရက်စလို့ သင်္ကြန်ပြီးသည်အထိ ပိတ်ထားမှာဖြစ်တာကြောင့် အခုရက်ပိုင်းအတွင်း မြဝတီကို ခရီးသွားတွေ များပြားလာပြီး ကားခစျေးနူန်းတွေလည်း သိန်းချီတက်သွားတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

ပဲခူး ( ဘုရားကြီး) နဲ့ မြဝတီပြေးဆွဲနေတဲ့ ကားသမားတယောက်က ” မြဝတီကို ဘားအံတောလမ်းနဲ့ မော်လမြိုင် တောလမ်းကနေ တက် (သွား) တယ် ၊ အဲဒီ တောလမ်းတွေက ၊ ကားလေးပဲသွားလို့ရတယ် ၊ တိုက်ပွဲအခြေအနေကြည့်ပြီးသွားရတာ ဖြစ်တယ် ၊ ရန်ကုန်ကနေ မြဝတီကိုတက်မယ့် ခရီးသည်အများစု ပဲခူး ဘုရားကြီးကနေ စောင့်တာများတယ် ၊ လာမယ့် မတ် ၂၅ ရက်စလို့ သင်္ကြန်ပြီးသည်အထိ အဲဒီ မြဝတီတောလမ်းတွေ ပိတ်ထားမယ်လို့ တောထဲအဖွဲ့အစည်းက ကြေညာတယ် ၊ ဒါကြောင့် ဘုရာကြီး- မြဝတီ လမ်းကြောင်းမှာ ခရီးသွားတယ် ပိုများလာတယ် ၊ အရင်က ခရီးသည်တယောက်ကို တသိန်း ၊ တသိန်းခွဲရှိတယ် ၊ အခုဆိုရင် ခရီးသည်တယောက်ကို ကားခ နှစ်သိန်းခွဲပေးရတယ် ၊ ဘာကြောင့် ကားခစျေးတွေတက်ရသလဲဆိုရင် လမ်းကြေးပေဆောင်ရတာက အရင်ကထက်ပိုပြီးများလာလို့ဖြစ်တယ် ၊ မြို့ပေါ်လမ်းကြေးထက် တောလမ်းကြေးက ပိုများတယ် ” လို့ ပြောပါတယ်။

ပဲခူး ဘုရားကြီး ဒေသခံတယောက်က ” မြဝတီကိုသွားမယ့် ခရီးသည်တွေက ဘုရားကြီးကို မနက်အစောပိုင်းမှာ ရောက်လာတယ် ၊ အနယ်နယ် အရပ်ရပ်က ခရီးသွားတွေဖြစ်တယ် ၊ ဘုရားကြီးကနေ မြဝတီကို မနက် ၇ နာရီလောက်စပြီး ကားတွေထွက်တယ် ၊ ပရိုဘောက် ၊ လိုက်ထရပ် ၊အံဇာတုံး စတဲ့ကားတွေဖြစ်တယ် ၊ နေ့တိုင်း ကားအစီး ၅၀ ထက်မနည်း ထွက်တယ် ၊ ကားတိုင်း ခရီးသည်ပြည့်တယ် ၊ ကားခက ခရီးသည်တယောက်ကို နှစ်သိန်းခွဲဖြစ်တယ် ၊ ဒီရက်ပိုင်းမှ စျေးတက်တာ ၊ အရင်က တသိန်း ၊ တသိန်းခွဲဖြစ်တယ် ” လို့ ပြောပါတယ်။

မြဝတီ – ကော့ကရိတ် အာရှလမ်းမှာ ပြီးခဲ့တဲ့ လပိုင်းတွေက တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်း အာရှလမ်းပိတ်ထားရတာကြောင့် ကားလေးသမားတွေက မြဝတီကို တောထဲလမ်းတွေကနေ သွားလာနေကြတာဖြစ်တယ်လို့ သိရပါတယ်။

မြဝတီကိုသွားတဲ့ တောလမ်းတွေမှာရှိတဲ့ လက်နက်ကိုင်အဖွဲ့တွေက လာမယ့် မတ် ၂၅ ရက်ကစလို့ သင်္ကြန်ပြီးသည်အထိ လမ်းတွေပိတ်ထားမယ်လို့ ကြေညာခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

ဓာတ်ပုံ ၊ မြဝတီကားလမ်း (ဒေသခံတဦး)

Related posts

Leave a Comment

VOM News

FREE
VIEW