ဝက်ကျောက်ကပ်ကို လူမှာ အစားထိုးကုသမှု အောင်မြင်ပြီ

ဝါရှင်တန် ၊ မတ်-၂၂-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ ဘော်စတွန်က ခွဲစိတ်ဆရာဝန်တွေဟာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ရဲ့ ကျောက်ကပ်ကို လူနာတယောက်အတွက် အောင်မြင်စွာခွဲစိတ်အစားထိုးနိုင်ခဲ့ပြီး လူနာဟာ အခြေအနေကောင်းမွန်နေတယ်လို့ ဆိုပါတယ်။

မက်ဆာချူးဆက် အထွေထွေဆေးရုံက ခွဲစိတ်ဆရာဝန်အဖွဲ့ဟာ ကမ္ဘာပေါ်မှာ ပထမဆုံးသော ဝက်ကျောက်ကပ် အစားထိုးကုသမှုကို သက်ရှိလူနာတယောက်ကို အစားထိုးလဲလှယ်ပေးခဲ့တယ်လို့ မတ် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ခွဲစိတ်ဆရာဝန်တွေဟာ မတ် ၁၆ ရက်မှာ ကျောက်ကပ်ရောဂါခံစားနေရတဲ့ အသက် ၆၂ နှစ်အရွယ် အမျိုးသားကို ဝက်ကျောက်ကပ်အစားထိုးပေးခဲ့တာဖြစ်ပြီး လူနာဟာ ကျင်ငယ်စွန့်တာတွေ ပြုလုပ်နိုင်နေပြီး မကြာခင်မှာ ဆေးရုံက ဆင်းရတော့မယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

အောင်မြင်တဲ့ အစားထိုးခွဲစိတ်မှုဟာ ကျောက်ကပ်ဝေဒနာရှင်တွေအတွက် ပိုမိုအလွယ်တကူရနိုင်တဲ့ ဝက်ကျောက်ကပ်တွေနဲ့ အစားထိုးကုသမှုအတွက် အဓိကသမိုင်းမှတ်တိုင်တခုဖြစ်ပါတယ်။

အမေရိကန်မှာ မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်ကျောက်ကပ်တွေကို လူသားတွေမှာအစားထိုးဖို့နည်းလမ်းတွေကို ယခင်ကတည်းက ရှာဖွေနေခဲ့ကြပါတယ်။၂၀၂၁ ခုနှစ်မှာလည်း အမေရိကန်ဆရာဝန်အဖွဲ့တဖွဲ့ဟာ ဦးနှောက်သေနေတဲ့ လူနာတယောက်ကို အစားထိုးကုသမှုပြုလုပ်ခဲ့ပါသေးတယ်။

၂၀၂၂ ခုနှစ်မှာလည်း အခြားကုသမှုနည်းလမ်းတွေ လုံးဝမရှိတော့တဲ့ လူနာအမျိုးသားတယောက်ကို မျိုးရိုးဗီဇပြုပြင်ထားတဲ့ ဝက်နှလုံးနဲ့ အစားထိုးမှုပြုလုပ်ခဲ့ပြီး လူနာဟာ ခွဲစိတ်ပြီး နှစ်လအကြာတွင် သေဆုံးခဲ့သည်။

Ref: NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW