မတ် ၂၄ – ၂၀၂၄
SN (VOM)
လိုင်စင်ပါ စည်းကမ်းဖောက်ဖျက်မှုနဲ့ မြန်မာပြည်တွင်း ဆက်သွယ်ရေးကုမ္ပဏီ လေးခုရဲ့ လိုင်စင်တွေကို အပြီးရုပ်သိမ်းလိုက်ကာ ရှယ်ယာရှင်အဖွဲ့ဝင်တွေကို အမည်ပျက်စာရင်းသွင်းဖို့ စီစဉ်နေတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မတ်လ ၂၃ ရက်မှာ ထုတ်ပြန် ကြေညာထားပါတယ်။
ဆက်သွယ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ Fiber Link Myanmar၊ Kiss Telecom Group၊ FPT Myanmar နဲ့ Myanmar Cyber စတဲ့ ကုမ္ပဏီတွေကို အရေးယူလိုက်ပြီဖြစ်ကြောင်း ကြေညာထားတာပါ။
အဲဒီ ကုမ္ပဏီတွေဟာ ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေတွေ၊ ထုတ်ပေးထားတဲ့ လိုင်စင်ပါစည်းကမ်းချက်တွေနဲ့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိတဲ့အတွက် လုပ်ငန်းလိုင်စင်တွေကို အပြီးအပိုင် ရုပ်သိမ်း ပယ်ဖျက်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၁၅ အရ အရေးယူလိုက်တာလို့ သိရပါတယ်။ ဥပဒေမှာ လိုင်စင်ခ၊ လိုင်စင်သက်တမ်းတိုးမြှင့်ခ၊ အသုံးပြုခ၊ ဝန်ဆောင်ခတို့ကို သတ်မှတ်ချက်အတိုင်း ပေးရမယ်လို့ပါတယ်။ ဒီသတ်မှတ်ချက်တွေကို လိုက်နာမှု မရှိရင်တော့ ပထမမဆင့် သတိပေးမယ်၊ ဒုတိယအဆင့် လိုင်စင်ကို ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းမယ်၊ နောက်ဆုံးအဆင့်ကတော့ လိုင်စင်သိမ်းတာပါ” လို့ ဆက်သွယ်ရေးကုမ္ပဏီတခုမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
လိုင်စင် ရုပ်သိမ်းခံရတဲ့ ကုမ္ပဏီတွေဟာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၁၅ အရ လိုင်စင်ရရှိသူရဲ့ တာဝန်တွေကို လိုက်နာမှုမရှိခြင်း၊ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ နည်းဥပဒေ အပိုဒ် ၂၄ (က) (၃) အရ အခကြေးငွေပေးဆောင်ဖို့ ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် အရေးယူခြင်းခံရတာဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အနေနဲ့ တရားဝင် ကုမ္ပဏီမှတ်ပုံတင် ဖွဲ့စည်းထားတဲ့ ကုမ္ပဏီအမည်နဲ့ အစုရှယ်ယာရှင်အဖွဲ့ဝင် လူပုဂ္ဂိုလ်အားလုံးကို အမည်ပျက်စာရင်း သွင်းနိုင်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနဲ့ ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။
Photo Crd: Original Uploader