မန္တလေးက မှုခင်းသတင်းထောက် လေး​ယောက် ရုံးညစောင့် တာဝန်ကျတဲ့အချိန် ဓားခုတ်ခံရ

မတ် ၊ ၂၅ ၊ ၂၀၂၄
SP (VOM)

မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မှာ အခြေပြု ရုံးစိုက်ထားတဲ့ နေပြည်တော်တိုင်မ်း သတင်းဌာနရဲ့ ရုံးကို မနေ့ မတ် ၂၄ ရက်ညပိုင်းက အမည်မသိ(စုံစမ်းဆဲ) လူတစုက အဲ့ဒီရုံးထဲကို ဝင်ရောက်ပြီး ညစောင့်တာဝန်ကျ သတင်းသမား လေးယောက်ကို ဓားနဲ့ခုတ်မှု ဖြစ်ပွားခဲ့တယ်လို့ မန္တလေးဒေသခံ သတင်းသမားတွေဆီက သိရပါတယ်။

” မနေ့ မတ် ၂၄ ရက် ၊ မနက်စောပိုင်း ၁ နာရီဝန်းကျင်က ဖြစ်တယ် ၊ အဲဒီ သတင်းထောက်ရုံးခန်း ဆိုင်းဘုတ်နဲ့ ပရိဘောဂ ပစ္စည်းတွေဖျက်ဆီးသွားတယ်လို့ သိရတယ် ၊ ဒါအပြင် ညစောင့်တာဝန်ကျ မှုခင်းသတင်းထောက် သုံးလေးယောက်လည်း ဒဏ်ရာရတယ်လို့ ကြားရတယ် ၊ ဒဏ်ရာရ သတင်းထောက်တွေက မန္တလေးဆေးရုံမှာ ဆေးကုနေရတယ် ” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဖြစ်စဥ်နဲ့ ပတ်သက်ပြီး နေပြည်တော်တိုင်းမ်သတင်းဌာန ၊ တာဝန်ရှိသူတယောက်က
” ​မန္တလေးမှာ ဖြစ်တဲ့ ဖြစ်စဥ်က အတည်ပြုလို့ရတယ် ၊ ဘယ်သူတွေ ထိခိုက်ဒဏ်ရာရတယ် ၊ ဘာတွေပျက်စီးသွားတယ် ၊ နောက်ပြီး ရုံးပစ္စည်းဘာတွေပါသွားတယ်ဆိုတာ အခုမှစိစစ်နေဆဲဖြစ်တယ် ၊ အဲ့ဒီ ဖြစ်စဥ်ကို ဒုရဲမှူး တယောက် ဦးဆောင်ပြီး အခု အမှုဖွင့်ပေးနေတယ် ၊ ဘာကြောင့် ဖြစ်တာလဲဆိုရင် အခုရက်ပိုင်း မန္တလေးနယ်မှာ ခိုးဆိုးနှိုက် ဒုစရိုက်မှုတွေ အဖြစ်များလာတယ် ၊ အဲဒီ ဖြစ်စဥ်တွေကို မှုခင်းသတင်းထောက်တွေက စုံစမ်းဖော်ထုတ်မှာ စိုးလို့ အခုလိုလုပ်တာ ဖြစ်နိုင်တယ် ” လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ပြောင်းလဲမှုဖြစ်စဥ်တွေ ပေါက်ပေါက်ပြီး နောက်ပိုင်း သတင်းသမားတချို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေက ဖမ်းဆီးသတ်ဖြတ်တာရှိသလို ၊ နစက လုံခြုံရေးအဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကိုခံရတာတွေလည်းရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၄ ရက်မနက်ပိုင်းက မကွေးတိုင်း ၊ မင်းဘူးခရိုင် ၊ စလင်းမြို့နယ် ၊ ငလင်ပန်းကျေးရွာမှာ နေထိုင်တဲ့ သတင်း ထောက် ဦးသန်းမင်း (ကလောင် နာမည် နန်းမင်း ၄၆ နှစ် ဆိုသူ ပစ်သတ်ခံရပါသေးတယ်။

ဒါအပြင် UNESCO observatory of Killed Journalists မှတ်တမ်းများအရ ၁၉၉၃ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ သတင်းသမား ၁၃၇၀ ဦး လုပ်ကြံသတ်ဖြတ်ခံရပြီး ၊ အဲဒီ ဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာက အမှုမှန် ဖော်ထုတ်ကာ တရားရုံးတင်ပို့ နိုင်တဲ့ အရေအတွက်ဟာ ၁၄ ရာခိုင်နူန်းမျှသာရှိပြီး ကျန် ၈၆ ရာခိုင်နူန်းက အမှုမှန် ဖော်ထုတ်ပေးဖို့ ကနေ့အထိ ကျန်နေသေးတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW