ချင်းပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဖမ်းဆီးခံရတာ အဖြစ်များလာ

မတ် ၊ ၂၇ ၊ ၂၀၂၄
SP (VOM)

ချင်းပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကို ဒေသတွင်း လက်နက်ကိုင် အဖွဲ့တွေက ဖမ်းဆီးတာ များလာနေတယ်လို့ ချင်းပြည်နယ် ဝန်ထမ်းရေးရာ အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ မတ် ၂၄ ရက်က ဟားခါးမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ် ကျော်လင်းဦး ဆိုသူ အဖမ်းခံရတယ် ၊ အဲ့ဒီနေ့ မတ် ၂၄ ရက် ညကပဲ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်ခရိုင် ၊ တီးတိန်မြို့ပေါ်က လူနေရပ်ကွက်တွေထဲမှာ နေထိုင်တဲ့ စည်ပင်ဌာနက လက်ထောက်အင်ဂျင်နီယာ ၊ ဦးကပ်ဆွင်းခွါလ် ၃၆ နှစ်၊ မွေးမြူရေး ကုသရေး ဌာနက ဒု ကြီးကြပ်မှူး ဦးခွါလ်လျန်းမုန် ၅၅ နှစ် ၊ ထွေအုပ် ဌာနက ဦးလျန်းလမ်ခိုင် ၄၈ နှစ် ၊ အားကစားနဲ့ ကာယပညာဌာနက အာကာမှူး ဦးရှင်းခန့်ခွါလ် ၄၈ နှစ် နဲ့ လဝက အငယ်တန်းစာရေး ဦးနန်ဆွင်းဂင့် ၅၇ နှစ် ဆိုသူတွေကို PDF အဖွဲ့က သူတို့ရဲ့နေအိမ်တွေမှာ လာဖမ်းသွားတာဖြစ်တယ် ၊ ပြီးခဲ့တဲ့ မတ် ၈ ရက်မနက်ပိုင်းက ဟားခါးမြို့မှာရှိတဲ့ ဟားခါး နယ်စပ်ဒေသ တိုင်းရင်းသား လူငယ် ဖွံဖြိုးရေး ကျောင်းမှာ လုံခြုံရေး တာဝန်ကျနေတဲ့ ရဲတပ်ဖွဲ့ဝင် ငါးယောက်ကို ဒေသတွင်း လက်နက်ကိုင် CDF – Hakha အဖွဲ့က ဖမ်းသွားတယ် ၊ ရဲတွေကိုင်တဲ့ လက်နက်ခဲယမ်းတွေပါသွားတယ် ” လို့ ချင်းပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတယောက်က ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက သူတို့ ဖမ်းဆီးထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ပါဝင်ပတ်သက်နေတာကြောင့် ဖမ်းဆီးရတာလို့ လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိ ချင်းပြည်နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတယောက်က
” ဟားခါး ၊ ဖလမ်း ၊ တီးတိန် ၊ တွန်းဇံ စတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်ရတဲ့အခါ ဘာသာစကားစပြီး နေထိုင်ရေးဆုံး အခက်အခဲတွေရှိတယ် ၊ အဲ့ဒီ ဒေသတွေမှာ ဘယ်သူက ဝန်ထမ်းဖြစ်တယ်ဆိုတာ သူတို့က ကွဲကွဲပြားပြားသိကြတယ် ၊ တည်ငြိမ်မှုတွေပျက်ပြားပြီး အခုလိုအချိန်အခါမှာ ဝန်ထမ်းတွေအတွက် ရပ်တည်ဖို့ ခက်ခဲတယ် ၊ ခုတလော ဝန်ထမ်းတွေ ဖမ်းခံရတာ များလာတော့ လုံခြုံမှုမရှိဘူးလို့ ခံစားနေရတယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ ၂ ရက် မနက်ပိုင်းက ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်ခရိုင် ၊ တီးတိန်မြို့နယ်ရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုတပ်ကြပ် ကျော်သူရစိုး၊ ရဲတပ်သား ခုပ်ခန်တုန်း၊ စည်သူမိုးနဲ့ ချမ်းငြိမ်းကျော်တို့ လေးယောက်ဟာ တီးတိန်မြို့အထွက် တစ်မိုင်ခန့်အကွာ လမ်ဇမ်ရွာနားမှာ ဒေသတွင်း လက်နက်ကိုင် PDF Zoland အဖွဲ့က ဖမ်းဆီးသွားတာ ဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ၂၀၂၄ မတ် ၂၄ ရက် မနက်စောပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ တိုင်းရင်းဆေးရုံနားမှာနေထိုင်တဲ့ မြို့နယ်ထွေအုပ် စာရေးဝန်ထမ်း ဒေါ်မြမြငြိမ်း ဆိုသူကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ ခုနှစ်ယောက်က သူ့ရဲ့အိမ်ထဲဝင်ရောက်ပြီး ဖမ်းခေါ်သွားပြီး ၊ ခင်ဦးမြို့နယ်မှာ အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ၊ မတ် ၁၄ ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊မုံရွာမြို့ ၊ အိုးဘိုတောင်ရပ်ကွက် ၊ ဆယ်ပေါက်တွဲလမ်းမှာနေတဲ့ မုံရွာမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) မှာ တာဝန်ထမ်းဆောင်နေတဲ့ လဝကမှူး ဦးအောင်မိုးဝင်း ဆိုသူကို သူ့ရဲနေအိမ်မှာ ဒေသတွင်း လက်နက်ကိုင် PDF. အဖွဲ့ လူငါးယောက်က AD VAN ကားတစီးနဲ့ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ လဝက အသိုင်းအဝိုင်းဆီက သိရပါတယ်

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဖမ်းခံရတာများလာပြီး ချင်းပြည်နယ်မှာ ၁၁ ယောက် ၊ မတ် ၂ ရက်စလို့ မတ် ၁၂ ရက်အထိ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့ရဲ့ ဆယ်ရက်ကြာတိုက်ပွဲအတွင်း ဌာနဆိုင်ရာဝန်ထမ်း ၅၉ ယောက်နဲ့ ပင်လည်ဘူးမြို့တိုက်ပွဲမှာ ဌာနဆိုင်ရာ ဝန်ထမ်း ၁၄ ယောက် ၊ ကလေးမြို့တိုက်ပွဲမှာ ပညာရေးဝန်ထမ်းနဲ့ ကျောင်းသား ကျောင်သူ တရာကျော်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းသွားတယ်လို့ မှတ်တမ်းေတွအရ သိရပါတယ်။

ဓါတ်ပုံ-ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးမြို့

Related posts

Leave a Comment

VOM News

FREE
VIEW