ရန်ကုန်မြို့လယ်ခေါင်မှာ ဗုံးပေါက်ကွဲလို့ လူ ငါးယောက် ဒဏ်ရာရ

မတ် ၂၇ – ၂၀၂၄
SN (VOM)
ဒီနေ့ မတ်လ ၂၇ ရက်၊ ညဦးပိုင်းက ရန်ကုန်မြို့လယ်ခေါင် အချက်အခြာကျတဲ့ နေရာတခုဖြစ်တဲ့ ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်၊ Sule Square အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။
အဲဒီ့ဗုံးပေါက်ကွဲမှုဟာ ည ၇ နာရီ၊ မိနစ် ၄၀ အချိန်က ကျောက်တံတားမြို့နယ်၊ ဆူးလေကုန်းကျော်တံတားအတက်၊ ဘားလမ်းမှတ်တိုင်ဘက်ခြမ်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကနဦးသတင်းတွေအရ သန့်ရှင်းရေးဝန်ထမ်း နှစ်ယောက်၊ ကလေး နှစ်ယောက်၊ အမျိုးသမီးတယောက်၊ စုစုပေါင်း ငါးယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ မီးပါပွင့်တယ်။ တယောက်ကတော့ ခြေထောက်ပြတ်သွားတယ်။ ငါးယောက်မှာ နှစ်ယောက်က ဒဏ်ရာ တော်တော်ပြင်းပုံရတယ်။ ဆေးရုံကား စုစုပေါင်း ငါးစီး ရောက်လာတယ်။ ရန်ကုန်ဆေးရုံကြီးဘက်ကို လူနာတင် မောင်းသွားတယ်” လို့ မျက်မြင်တွေ့ရှိသူ တယောက်က ပြောပါတယ်။
အနော်ရထာ လမ်းမှာရှိနေတဲ့ ပါဆယ်ဘူးကို ကော်ရှူနေတဲ့ ကလေး နှစ်ယောက်က သွားယူဖွင့်ကြည့်ရာကနေ ဗုံးထပေါက်တာဖြစ်တယ်လို့လည်း ဒေသခံပြည်သူတွေအကြား ပြောဆိုမှုတွေရှိနေပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
နေပြည်တော်မှာ နစကရဲ့ (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ပြုလုပ်နေချိန် ရန်ကုန်မှာ အခုလို ဗုံးပေါက်ကွဲခဲ့တာလည်းဖြစ်ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် နစက လုံခြုံရေးအဖွဲ့တွေ ရောက်ရှိလာပြီး လမ်းသွာလမ်းလာ ပြည်သူတွေကို လမ်းပိတ် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေတွေကို VOM က ဆက်လက်စုံစမ်းနေပါတယ်။
Photo Crd: Original Uploader

Related posts

Leave a Comment

VOM News

FREE
VIEW