PDFတွေ ဖမ်းထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်း အရေအတွက် ယင်းမာပင်ခရိုင် အများဆုံးဖြစ်နေ

မတ် ၊ ၃၀ ၊ ၂၀၂၄
SP ( VOM)
တနိုင်ငံလုံး အတိုင်းတာအနေနဲ့ လက်ရှိအချိန်ထိ ဒေသတွင်း PDF အဖွဲ့တွေက ဖမ်းဆီးထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအရေအတွက် အများဆုံးဟာ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်က ဖြစ်နေတယ်လို့ ဝန်ထမ်းရေးရာ လေ့လာသုံးသပ်သူတွေဆီက သိရပါတယ်။
ဝန်ထမ်းရေးရာ သုတေသီတယောက်က
” ၂၀၂၁ နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဥ်တွေ ပေါ်ပေါက်ပြီးနောက်ပိုင်း ဒီကနေ့အထိ PDF တွေ ဖမ်းဆီးထားတဲ့ ဌာနဆိုင်ရာဝန်ထမ်းအရေအတွက် အများဆုံးက တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်က အများဆုံးဖြစ်နေတယ် ၊ ဖမ်းဆီးခံထားရတဲ့ ဝန်ထမ်းအရေအတွက် တရာကျော်ရှိတယ် ” လို့ ပြောပါတယ်။
ယင်းမာပင်ခရိုင် ပုလဲမြို့နယ်မှာ ပြီးခဲ့တဲ့ မတ် ၂၇ ရက် မုံရွာ ပုလဲ ဂန့်ဂေါ ကားလမ်းမှာရှိတဲ့ ကန်ဒေါင့် နစက လုံခြုံရေး အခြေပြု တပ်စခန်းက ဗိုလ်ကြီး ဟိန်းရဲထက် ဆိုသူကို ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ( ၁၉ ) – (Pale Joker PDF) အဖွဲ့က ဖမ်းဆီးထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
” ဒီရက်ပိုင်း ပုလဲမြို့နယ်မှာ စစ်သားအရာရှိ တယောက် အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းငါးယောက်ထက်မနည်း PDF က ဖမ်းထားတယ် ၊ နောက်ပြီး ဆားလင်းကြီးနယ်မှာ ရပ်/ ကျေး ထွေအုပ် ဝန်ထမ်း သုံးဦးဖမ်းခံထားရတယ် ၊ ယင်းမာပင်နယ်မှာ မြို့နယ် လဝကမှုး အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း နှစ်ဦး ဖမ်းခံထားရတယ် ၊ ကနီနယ်မှာကတော့ ဌာနဆိုင်ရာ ဝန်ထမ်း ၅၉ ယောက် ဖမ်းခံထားရတယ် ၊ လတ်တလော ဖမ်းခံထားရသူ ဝန်ထမ်း ၇၀ ကျော်ရှိတယ် ၊ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း ဖမ်းခံထားရတဲ့ ဝန်ထမ်းအရေအတွက်နဲ့ ပေါင်းလိုက်ရင် ဝန်ထမ်း တရာကျော် ဖမ်းဆီးခံထားရတယ်ဖြစ်တယ် ၊ အဲ့ဒီ အရေအတွက်ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆိုရင် အများဆုံး ဖြစ်နေတယ် “လို့ စစ်ကိုင်းတိုင်း ဝန်ထမ်းရေးရာ အသိုင်းအဝိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ၊ စက်တင်ဘာ ၁၂ ရက်က NUG ရဲ့ ထုတ်ပြန်ချက်အရ လာပို့ကျေးရွာက လူနာကို သွားရောက်ကယ်ဆယ်ပေးရာက ပြန်လာတဲ့ မီးသတ်တပ်ဖွဲ့တွေ အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်း တဆယ်ကျော်ကို ယင်းမာပင်ခရိုင် ဆရာစံ PDF အဖွဲ့က ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက်သတ်ခဲ့တာကြောင့် NUG က အရေးယူမှုတွေ လုပ်မယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်က ကယားပြည်နယ် ၊ လွိုင်ကော် တက္ကသိုလ်မှာ တာဝန်ထမ်းနေတဲ့ ပညာရေးဝန်ထမ်းတွေအပါအဝင် လူ နှစ်ရာကျော်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သူတို့ရဲ့ စစ်ဆေးပေါ်ပေါက်ချက်အရ ရက်ပိုင်းအကြာမှာ လူ နှစ်ရာကျော်ကို အသုတ်လိုက်ခွဲပြီး ပြန်လွတ်ပေးခဲ့ရာ လက်ရှိ PDF အဖွဲ့ထဲမှာ ဝန်ထမ်း ရှစ်ယောက်ပဲ ကျန်ပြီး ထောင်ဒဏ်တွေချမှတ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက်က ၊ စစ်ကိုင်းတိုင်း ကလေးမြို့၊ ကလေးတက္ကသိုလ်ကျောင်းကနေ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ဖမ်းခေါ်သွားတဲ့ သူတွေထဲက ကျောင်းသား ကျောင်းသူတွေကို တရာကျော် ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် တလအကြာ မတ် ၂၆ ရက်က နေရပ်ပြန်လွတ်ပေးခဲ့ပြီး ကျန်ရှိနေတဲ့ ပါမောက္ခချုပ်အပါအဝင် ပညာရေးဝန်ထမ်း ၃၀ ကျော်ကိုတော့ ဒီကနေ့အထိ PDF အဖွဲ့က ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” ပြီးခဲ့တဲ့ မတ်လ ပထမပတ်ထဲက တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ပင်လည်ဘူးမြို့နယ်မှာ ဌာနဆိုင်ရာ ဝန်ထမ်း ၁၄ ယောက် နဲ့ ကနီမြို့နယ်မှာ ဌာနဆိုင်ရာ ဝန်ထမ်း ၅၉ ယောက် PDF ကဖမ်းထားတယ် ၊ အခုထိ ပြန်လွတ်ပေးတာမရှိသေးဘူး အဲ့ဒါကြောင့် စစ်ကိုင်းတိုင်းမှာ ဝန်ထမ်းအဖမ်းခံရတာ အများဆုံးက ယင်းမာပင်ခရိုင် ကနီနယ် ဖြစ်နေတာ ” လို့ အငြိမ်းစား ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
ဒါ့အပြင် မတ် ၂၄ ရက် မနက်စောပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ၊ အမှတ် ၇ ရပ်ကွက် ၊ တိုင်းရင်းဆေးရုံနားမှာနေထိုင်တဲ့ မြို့နယ်ထွေအုပ် စာရေးဝန်ထမ်း ဒေါ်မြမြငြိမ်း ဆိုသူကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့ ခုနှစ်ယောက်က သူ့ရဲ့အိမ်ထဲဝင်ရောက်ပြီး ဖမ်းခေါ်သွားပြီး ၊ ခင်ဦးမြို့နယ်မှာ အသတ်ခံလိုက်ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်း ၊ မတ် ၁၄ ရက်မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊မုံရွာမြို့ ၊ အိုးဘိုတောင်ရပ်ကွက် ၊ ဆယ်ပေါက်တွဲလမ်းမှာနေတဲ့ မုံရွာမြို့နယ် လူဝင်မှုကြီး ကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန (လဝက) မှာ တာဝန်ထမ်းဆောင်နေတဲ့ လဝကမှူး ဦးအောင်မိုးဝင်း ဆိုသူကို သူ့ရဲနေအိမ်မှာ ဒေသတွင်း လက်နက်ကိုင် PDF ငါးယောက်က AD VAN ကားတစီးနဲ့ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ လဝက အသိုင်းအဝိုင်းဆီက သိရပါတယ်
စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ ဖမ်းခံရတာများလာပြီး ချင်းပြည်နယ်မှာ ၁၁ ယောက် ၊ မတ် ၂ ရက်စလို့ မတ် ၁၂ ရက်အထိ စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ကနီမြို့ရဲ့ ဆယ်ရက်ကြာတိုက်ပွဲအတွင်း ဌာနဆိုင်ရာဝန်ထမ်း ၅၉ ယောက်နဲ့ ပင်လည်ဘူးမြို့တိုက်ပွဲမှာ ဌာနဆိုင်ရာ ဝန်ထမ်း ၁၄ ယောက် ၊ ကလေးမြို့တိုက်ပွဲမှာ ပညာရေးဝန်ထမ်းနဲ့ ကျောင်းသား ကျောင်သူ တရာကျော်ကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဖမ်းသွား အဲ့ဒီထဲက ၃၀ ကျော် ဖမ်းထားပြီး တရာကျော် ပြန်လွတ်ပေးတယ်လို့ မှတ်တမ်းေတွအရ သိရပါတယ်။
အဲ့ဒါကြောင့် တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ လက်ရှိဖမ်းခံထားရတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းအရေအတွက် အများဆုံးဟာ ယင်းမာပင်ခရိုင်ဖြစ်တယ်လို့ သိရပြီး ဘယ်လိုစီရင်တယ်ဆိုတာ မသိရသေးပါဘူး။

Related posts

Leave a Comment

VOM News

FREE
VIEW