စစ်မှုထမ်းဥပဒေကြောင့် စက်ရုံ အလုပ်ရုံ၊ ဆောက်လုပ်ရေး၊ စားသောက်ဆိုင်နဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်သမား ရှားပါးလာ

ရန်ကုန် ၊ ဧပြီ ၁ -၂၀၂၄
GG (VOM)

စစ်မှု မထမ်းမနေရ ဥပဒေကို အတည်ပြုပြနောက်ပိုင်း ပြည်တွင်းက စက်မှုဇုန်တွေ၊ အလုပ်ရုံတွေ၊ဆောက်လုပ်ရေးလုပ်ငန်းခွင် ၊စားသောက်ဆိုင်အပါအဝင် ပုဂ္ဂလိကလုပ်ငန်းတွေမှာ အလုပ်သမားရှားပါးမှုပြဿနာ ကြုံတွေ့နေရတယ်လို့သိရပါတယ်။

” စစ်မှုထမ်းရမယ်ဆိုတော့ ကလေးတွေက ဒီမှာမလုပ်ရဲကြဘူး။သူတို့ရပ်ရွာလည်းမပြန်ရဲကြဘူး။ဒီတော့ အလုပ်ထွက်သူကထွက်သွားကြတယ်၊ အလုပ်မထွက်သေးဘဲ အချိန်စောင့်ကြည့်နေတဲ့ လူငယ်တွေလည်းရှိနေတယ်။ခုဆိုညဘက် အချိန်ပိုဆင်းတာလည်း လူမရှိတော့ဘူး။ ကြောက်ကုန်ကြတာပေါ့။တချို့ခုသင်္ကြန်ပိတ်ရက်တောင်အိမ်မပြန်ရဲလို့မပြန်ကြသူတွေရှိမယ်။ မိန်းကလေးလောက်ပဲ ပြန်တာများမယ် ” လို့ အထည်ချုပ်စက်ရုံပိုင်ရှင် တယောက်ကပြောပြပါတယ်။

ရန်ကုန်အပါအဝင် နေရာအများစုမှာ လုပ်ကိုင်နေကြတဲ့ လူငယ် အလုပ်သမားအချို့ဟာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ပြည်တွင်းက လုပ်လက်စ အလုပ်အကိုင်ကို စွန့်ခွာပြီး ပြည်ပကို တရားမဝင်လမ်းကြောင်းကနေ သွားရောက်မှုပိုများလာနေတာကြောင့် လူငယ်အလုပ်သမားရှားလာနေသလို ၊ တဖက်မှာလည်း စစ်မှုထမ်းဖို့ စာရင်းပါတဲ့အတွက် စစ်မှုထမ်းသင်တန်းတက်ရောက်ရသူတွေရှိလာလို့ အလုပ်သမားရှားပါးလာနေတာဖြစ်တယ်လို့သိရပါတယ်။

ဒါအပြင် စစ်မှုထမ်းဖို့ အတွက် ကနဦး နာမည်စာရင်းပါလာသူတွေထဲက လူငယ်အချို့လည်း စစ်မှုထမ်းခြင်းကို ရှောင်ဖို့အတွက် လက်ရှိ အလုပ်ကနေထွက်ပြီး ပြည်ပထွက်ဖို့ကြိုးစားလာခြင်း စတဲ့အခြေအနေတွေကြောင့် အလုပ်သမားရှားပါးမှု ဖြစ်ပေါ်လာနေတာဖြစ်ပါတယ်။

” ကျနော်တို့ဆို ညီအကိုနှစ်ယောက်ရှိတာကို နှစ်ယောက်လုံးပါတယ်၊အမေ့ကိုလုပ်ကျွေးနေတာ၊ဒါလည်း ကင်းလွတ်ခွင့်မရဘူး။ဒါကြောင့် လက်ရှိအလုပ်ကနေ ထွက်ပြီး ထိုင်းကိုတရားမဝင်လမ်းကြောင်းကနေ သွားတာပါ။မိရင်တော့ခံပေါ့။မမိရင်တော့ ထိုင်းမှာ အလုပ်လဲရ လစာလည်းဒီကထက်များမယ်၊စစ်မှုမထမ်းချင်လို့မဟုတ်ဘူး၊။ ဒါကိုနားလည်ပေးရင်သိပ်ကျေးဇူးတင်မိမှာ” လို့ စားသောက်ဆိုင်အလုပ်ကနေထွက်ပြီး ထိုင်းကို တရားမဝင်လမ်းကြောင်းကနေအရဲစွန့်ထွက်သွားသူ လူငယ်တယောက်ကပြောပါတယ်။

စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက်ပိုင်းမှာ ထိုင်းကို သွားရောက်ဖို့ကျိုးစားကြတဲ့ မြန်မာလုပ်သားနူန်းဟာ အရင်ကထက်များလာနေသလို ဗီဇာလျှောက်သူလည်းများလာတာကြောင့် ဗီဇာလျှောက်ထားမှုကို ထိုင်းသံရုံးက အကန့်အသတ်သာလက်ခံမယ်ဆိုပြီး အသိပေးတာလည်းရှိပါတယ်။

ဒါအပြင် ထိုင်းကို တရားမဝင်လမ်းကြောင်းကနေ သွားလာသူလည်း နေ့စဥ်နဲ့အမျှရှိနေပြီး အရင်ကထက်ပိုပြီးများလာတာကြောင့် ထိုင်းဘက်ခြမ်းမှာ မြန်မာလုပ်သားတွေဖမ်းဆီးခံရမှုလည်း နေ့စဥ်နဲ့အမျှရှိနေပါတယ်။

စစ်မှုထမ်းဥပဒေကိုတော့ ၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ နစက ကအတည်ပြုလိုက်တာဖြစ်ပြီး ဥပဒေပါပြဌာန်းချက်အရ သတ်မှတ်အရည်အချင်း၊အသက်အပိုင်းအခြား ပြည့်ပြီးသူတွေအားလုံး စစ်မှုမထမ်းမနေရ ဖြစ်ပါတယ်။

စစ်မှုထမ်းစာရင်းကောက်ယူခြင်းကို သကြင်္ န်အပြီးမှသာ စတင်နိုင်ဖွယ်ရှိတယ်ဆိုပြီး နစက ပြန်ကြားရေးခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုထားပေမယ့်လည်း စစ်မှုထမ်းဥပဒေအတည်ပြုပြီးသိပ်မကြာ မတ်လထဲမှာ စစ်မှုထမ်းရမယ့် ကနဦးလူငယ်တွေကို ရပ်ကွက် ၊ကျေးရွာအလိုက် စာရင်းတွေစတင်ကောက်ယူသလို မဲနိူက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် အနယ်နယ်အရပ်ရပ်က လူငယ်အချို့ကို စစ်မှုထမ်းဖိူ့ဆင့်ခေါ်ပြီး စစ်မှုထမ်းသင်တန်းပေးတာတွေကိုလည်း စတင်လုပ်ဆောင်နေကြောင်း နစကဘက်မှတရားဝင်သတင်းထုတ်လာပြီး အခုလိုစစ်မှုထမ်းသင်တန်းတက်လာသူထဲမှာ မိမိဆန္ဒအရ ဝင်ရောက်လာသူများတယ်လို့ ပြောဆိုထားပါတယ်။

ဒီ မတိုင်ခင်ကလည်း မြို့အလိုက် ပြည်သူ့စစ်တွေ ခေါ်ယူပြီး စစ်သင်တန်းပေးကာ သင်တန်းဆင်းပြည်သူ့စစ်တွေကို ယူနီဖောင်းနဲ့ သေနတ်တွေပေးအပ်ကြောင်း နစကဘက်ကတရားဝင်သတင်းထုတ်ထားပါတယ်။

စစ်မှုထမ်းဥပဒေမှာ ပြဌာန်းချက်တွေအရ သတ်မှတ်အရည်အချင်း၊အသက်ပြည့်သူအားလုံး စစ်မှုမထမ်းမနေရ ဖြစ်သလို စစ်မှုထမ်းဥပဒေကနေ ကင်းလွတ်ခွင့်ရသူ၊ယာယီကင်းလွတ်ခွင့်ရသူတွေဆိုပြီးလည်း အသိပေးထားပါတယ်။

Photo : စက်ရုံအလုပ်သမားတဦး

Related posts

Leave a Comment

VOM News

FREE
VIEW